ဆောင်းရာသီအားကစားပြိုင်ပွဲ ဝင်မည့် သူများ၏ အခွင့်အရေးကို အမေရိကန်က ဖျက်ဆီးနေကြောင်း တရုတ် ပြောကြား

ဆောင်းရာသီအားကစားပြိုင်ပွဲ ဝင်မည့် သူများ၏ အခွင့်အရေးကို အမေရိကန်က ဖျက်ဆီးနေကြောင်း တရုတ် ပြောကြား
Photo: AFP

အားကစားသမားများ၏ ဆောင်းရာသီအိုလံပစ်ပွဲတော်တွင် ပါဝင်ရန် အခွင့်အရေးကို အမေရိကန်က ဓားစာခံအဖြစ် အသုံးချနေကြောင်း တရုတ်က မေလ ၁၃ ရက်က စွပ်စွဲလိုက်သည်။

တရုတ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖုံးကွယ်ရန်အတွက် အားကစားပွဲတော်ကို အသုံးချလိမ့်မည်ဟု အမေရိကန်က ပြောကြားပြီးနောက်တွင် ယခုစွပ်စွဲချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ် အစောပိုင်းတွင် ပေကျင်းတွင်ကျင်းပမည့်အားကစားပွဲတော်မတိုင်မီ နိုင်ငံရေးကိစ္စများ လွှမ်းမိုးလျှက်ရှိသည်။

တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းဒေသရှိ လူနည်းစုတိုင်းရင်းသားများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် အခြား ညှင်းပန်းနှိပ်စက်မှု စွပ်စွဲချက်များကို ထောက်ပြပြီး လူ့အခွင့်အရေးအဖွဲ့များနှင့် အမေရိကန်နိုင်ငံရေးသမား အချို့က အားကစားပွဲတော်ကို သပိတ်မှောက်ရန်တိုက်တွန်းပြောကြားခဲ့သည်။

တရုတ်အစိုးရသည် စွပ်စွဲခံထားရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးဖိထားရန် အားကစားပွဲတော်ကို အသုံးချလိမ့်မည်ဟု မေလ ၁၂ရက်တွင် အမေရိကန်ပြည်ထောင်စုက သတိပေးခဲ့သည်။

ဘာသာရေးလွတ်လပ်ခွင့်အတွက် လုပ်ကိုင်နေသော အမေရိကန်အရာရှိတစ်ဦးဖြစ်သူ ဒန်နာဒယ်ကမူ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖုံးကွယ်ရန်နှင့် ယင်းတို့၏ အုပ်ချုပ်ရေးပုံစံကို တစ်နည်းနည်းဖြင့် အတည်ပြုရန်အတွက် အားကစားပွဲတော်ကို စင်မြင့်အဖြစ် အသုံးချမည့် တရုတ်အစိုးရ၏ ရည်ရွယ်ချက်များကို တန်ပြန်ရန်အတွက် အမေရိကန်က နည်းလမ်းများကို သုံးသပ်နေကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွားချန်ယင်က နာဒယ်၏ မှတ်ချက်များကို ပြန်လည် တုံ့ပြန်ခဲ့ပြီး တရုတ်နိုင်ငံရှိ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာနှင့် ပတ်သက်၍လည်း တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးပြဿနာအတွက် အမေရိကန်တွင် စွပ်စွဲပိုင်ခွင့်မရှိကြောင်း ပြောကြားခဲ့သည်။

ဟွာက အမေရိကန်၏ လူအခွင့်အရေးနှင့် ပတ်သက်သည့် မှတ်တမ်းတင်ခြင်းသည် အလွန်ရှက်ဖွယ်ကောင်းကြောင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

“အမေရိကန်က နိုင်ငံရေးသမားတွေက သူတို့ရဲ့အားကစားသမားတွေ တရားမျှတတဲ့ပြိုင်ပွဲမှာ ဝင်ပါမယ့် ပါဝင်ခွင့်ကို ဓားစာခံအဖြစ် ထားပိုင်ခွင့်မရှိပါဘူး” ဟု သူမက သတင်းထောက်များကို ပြောကြားခဲ့သည်။

နားဒယ်က တရုတ်အစိုးရသည် ရှင်ကျန်းအား လေဟာပြင်စခန်းအဖြစ် အသွင်ပြောင်းနေကြောင်းနှင့် ယင်းနေရာတွင် လူများ၏လှုပ်ရှားမှုများကို မျက်ခြေမပျက်ခြေရာခံနေကြောင်း ဆိုသည်။

ရှင်ကျန်းတွင် လူမျိုးတုံးသတ်ဖြတ်မှုကို တရုတ်က ကျူးလွန်နေကြောင်း အမေရိကန်က စွပ်စွဲထားပြီး ဝီဂါများနှင့် အခြားမွတ်စလင်လူများစုဖြစ်သော တူရကီလူမျိုး တစ်သန်းကျော်ကို စခန်းများတွင် ထိန်းသိမ်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required