တရုတ်အစိုးရက ဝီဂါမွတ်စလင်များအပေါ် ကြီးမားသော ပြစ်မှုများ ကျူးလွန်နေဟု ကုလအစည်းအဝေးတွင် အမေရိကန်၊ မဟာမိတ်များနှင့် လူ့အခွင့်အရေးအုပ်စုများ ပြောကြား

By Times
16 May 2021
တရုတ်အစိုးရက ဝီဂါမွတ်စလင်များအပေါ် ကြီးမားသော ပြစ်မှုများ ကျူးလွန်နေဟု ကုလအစည်းအဝေးတွင် အမေရိကန်၊ မဟာမိတ်များနှင့် လူ့အခွင့်အရေးအုပ်စုများ ပြောကြား

လူ့အခွင့်အရေးအုပ်စုများ၊ အမေရိကန်၊ ဗြိတိန်နှင့် ဂျာမနီတို့ ဦးဆောင်သည့် အနောက်နိုင်ငံများက တရုတ်အစိုးရအနေဖြင့် ဝီဂါလူနည်းစုများအပေါ် ရာဇဝတ်မှုများကို အကြီးအကျယ် ကျူးလွန်နေကြောင်း စွပ်စွဲလိုက်ပြီး ကုလကျွမ်းကျင်သူများက ယင်းကိစ္စကို အနှောက်အယှက်အတားအဆီးမရှိ စုံစမ်းခွင့်ပြုရန် မေလ ၁၂ ရက်က အွန်လိုင်းမှ ပြုလုပ်သည့် အစည်းအဝေးတွင် တောင်းဆိုလိုက်သည်။

ယင်းတောင်းဆိုချက်သည် နိုင်ငံရေးပယောဂများပါနေပြီး လိမ်ညာမှုများအပေါ် အခြေခံနေကြောင်း တရုတ်အစိုးရက ပြစ်တင်ရှုတ်ချလိုက်သည်။

ကုလသမဂ္ဂဆိုင်ရာ တရုတ်သံရုံးကလည်း ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် နိုင်ငံအများအပြားသို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက စာရေးသားပေးပို့ခဲ့ရာတွင် တရုတ်ဆန့်ကျင်ရေးအစီအစဉ်များ၌ ပါဝင်ခြင်းမပြုလုပ်ရန် တိုက်တွန်းခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်ယွန်းက အစည်းအဝေးတက်ရောက်ခဲ့သည့် အနောက်အုပ်စု၏ ပူးတွဲပံ့ပိုးကူညီသော အဖွဲ့အစည်း ၁၅ ခုသို့ စာပေးပို့ခဲ့ရာတွင် ၎င်းတို့၏ ထောက်ခံမှုကို အံ့အားသင့် ကြောင်းနှင့် ရုတ်သိမ်းနုတ်ထွက်ခြင်းမပြုလုပ်မီ သေချာစွာ ပြန်လည်စဉ်းစားရန် တိုက်တွန်းခဲ့သည်။

အဆိုပါ အဖွဲ့အစည်းများအနေဖြင့် မှားယွင်းစွာ ဆုံးဖြတ်ပါက တရုတ်နိုင်ငံနှင့် ဆက်ဆံရေး၊ ပူးပေါင်း ဆောင်ရွက်ရေးတို့တွင် ထိခိုက်စေနိုင်သည်ဟု သတိပေးပြောကြားသည်။

ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဘာဘရာဝုဒ်ဝါ့ဒ်က ရှင်ကျန်းဒေသ၏ အခြေအနေသည် မိမိတို့ မျက်မှောက်ခေတ်တွင် အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုကြီးများအနက်မှတစ်ခုဖြစ်ကြောင်း ပြောကြားသည်။

“ဂြိုဟ်တုဓာတ်ပုံများ၊ အသက်ရှင်ကျန်ရစ်သူများ၏ ထွက်ဆိုချက်များနှင့် တရုတ်အစိုးရက ထုတ်ပြန်သည့် အချက်အလက် မှတ်တမ်းများအပါအဝင် ခိုင်လုံသည့် ရင်းမြစ်အထောက်အထားများအရ စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေဖြစ်နေပါတယ်” ဟု တရုတ်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးလည်း ဖြစ်ခဲ့သူ ဝုဒ်ဝါ့ဒ်က ပြောကြားသည်။

သီးခြားလူမျိုးစု အုပ်စုများအား ဖိနှိပ်ကြောင်းကို အထောက်အထားများက ပြသလျှက်ရှိသည်။ ဘာသာရေးဆိုင်ရာ ထုတ်ဖော်ပြောဆိုမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပြီး ဝီဂါဘာသာစကားနှင့် ယဉ်ကျေးမှုကိုလည်း စနစ်တကျ ခွဲခြားဆက်ဆံမှု များစွာ လုပ်ဆောင်ထားသည်။

လွန်ခဲ့သည့် နှစ်များအတွင်း ရှင်ကျန်းဒေသရှိ စခန်းများတွင် လူ၁ သန်းခန့်ကို ထိန်းသိမ်းထားရှိကြောင်း ပြည်ပအစိုးရများနှင့် သုတေသနပညာရှင်များက ပြောကြားသည်။ အများစုသည် ဝီဂါမွတ်စလင်များဖြစ်ပြီး အာဏာပိုင်များက ၎င်းတို့ကို အတင်းအဓမ္မခိုင်းစေခြင်း၊ မွေးဖွားမှုထိန်းချုပ်ခြင်းနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းတို့ ပြုလုပ်သည်ဟု စွပ်စွဲထားသော်လည်း တရုတ်အစိုးရ တာဝန်ရှိသူများက ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly