တရုတ် ကိုဗစ်-၁၉ ဆေးဝါးအပေါ် ပညာရှင်များက သံသယရှိနေ

တရုတ် ကိုဗစ်-၁၉ ဆေးဝါးအပေါ် ပညာရှင်များက သံသယရှိနေ

တရုတ်နိုင်ငံမှ ဇီဝနည်းပညာကုမ္ပဏီ Kintor Pharmaceutical Limited သည် ၎င်း၏ ကိုဗစ်-၁၉ ကာကွယ်ဆေးအတွက် ပထမဆုံး လူနာတစ်ဦးက ဆေးထိုးရန် စာရင်းပေးသွင်းပြီး အမေရိကန်နိုင်ငံတွင် ဆေးခန်းအဆင့် စမ်းသပ်မှုပြီးသွားသည်ဟု ဧပြီ ၂၅ ရက်တွင် ကြေညာပြီးနောက် ကုမ္ပဏီ၏ စတော့ဈေးနှုန်း မြင့်တက်သွားခဲ့သည်။

ဟောင်ကောင်မှတ်ပုံတင် ကုမ္ပဏီအနေဖြင့် Proxalutamide ဆေးနှင့်ပတ်သက်၍တိုးတက်မှုအပေါ် နောက်ဆုံး ကြေညာချက် ဖြစ်သည်။ အဆိုပါ ဆေးသည် ကိုဗစ်-၁၉ ကုသရာတွင် ရောင်းအားတိုးတက်လာနိုင်ကြောင်း လေ့လာသုံးသပ်သူများက ရေးသားကြသဖြင့် ကုမ္ပဏီ၏ စတော့ရှယ်ဈေးသည် မတ်လ ၁ ရက်နောက်ပိုင်း ၄ဆ မြင့်တက်သွားခဲ့သလို Kintor ကုမ္ပဏီ၏ ဈေးကွက်အတွင်း တန်ဖိုးသည်လည်း ဟောင်ကောင်ဒေါ်လာ ၂၃ ဒသမ ၄ ဘီလျံ (ကန်ဒေါ်လာ ၃ ဘီလျံ) မှ ဟောင်ကေင်ဒေါ်လာ ၆ ဒသမ၆ ဘီလျံသို့ တိုးတက်ခဲ့သည်။

သို့သော်ကုမ္ပဏီသည် မေလဆန်းပိုင်းအထိမည်သည့် လူနာကိုမှ ယင်းဆေးကို မထိုးရသေးကြောင်း အမေရိကန် စမ်းသပ်လုပ်ဆောင်မှုများဝက်ဘ်ဆိုက်တွင် တင်ခဲ့သည့် မှတ်တမ်းများတွင် Kintor ၏ ဆေးဝါးစမ်းသပ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖြစ် အသိအမှတ်ပြုခံထားရသည့် ဆရာဝန်တစ်ဦးက ပြောကြားသည်။

ကယ်လီဖိုးနီးယားအခြေစိုက် အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ဆရာဝန် ဇေကယာလီက သူသည် အဆိုပါဆေးကို စမ်းသပ်မှု လုပ်ဆောင်ရာတွင် မပါဝင်ခဲ့ဘဲ ကုမ္ပဏီက ဖော်ပြထားသည့် လေ့လာမှုဆိုင်ရာ မှတ်တမ်းနှင့် ကွဲလွဲနေကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် အခြားမှတ်ချက်များပေးရန် ငြင်းဆိုခဲ့ပြီး Kintor ကုမ္ပဏီသို့သာမေး မြန်းရန် ရည်ညွှန်းခဲ့သည်။

ကယာလီ၏ မှတ်ချက်များနှင့် ပတ်သက်၍ ၎င်းသည် စမ်းသပ်မှုကို စုံစမ်းစစ်ဆေးသူများတွင် တစ်ဦး အပါအဝင်သာဖြစ်ကြောင်း Kintor ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် လူစီလူးက ပြောကြားသည်။ လူနာများကို အဆိုပါဆေးထိုးခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီ၏ ကြေညာချက်အပေါ် မှတ်ချက် ဆက်လက်ပေးရန်လည်း ငြင်းဆိုခဲ့သည်။ စုံစမ်း စစ်ဆေးရေးအဖွဲ့သည့် အခြားသူတို့၏ အမည်များနှင့် စမ်းသပ်မှု ပြုလုပ်ခြင်းအပေါ် ပြောကြားခြင်း မပြုဘဲ သတင်းအချက်အလက်များသည် လုပ်ငန်းလျှိူ့ဝှက်ချက် ဖြစ်ကြောင်း ပြောကြားသည်။

ကုမ္ပဏီများသည် အဆိုပါ သတင်းအချက်အလက်များကို ထုတ်ပြန်ရန် မလိုအပ်သော်လည်း ဆေးဝါးလုပ်ငန်းအများစုသည် မည်သူတို့က ဆေးခန်းအဆင့် စမ်းသပ်မှုကို လုပ်ဆောင်နေသည်၊ ဆေးများ၏ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် သိပ္ပံနည်းကျ ထုတ်လုပ်ထားသည့်အပေါ် မည်သည့် သုတေသနအဖွဲ့သို့မဟုတ် ဆေးဝါးအဖွဲ့က တာဝန်ခံသည်ကို ပုံမှန်အားဖြင့် ထုတ်ပြန်လေ့ရှိသည်။

Kintor ကုမ္ပဏီက ထုတ်ပြန်ချက်များတွင် ကျိုးကြောင်း ညီညွတ်မှုမရှိခြင်းအပါအဝင် ပွင့်လင်းမြင်သာမှု မရှိခြင်းတို့ကြောင့် ဆေးနှင့်ပတ်သက်၍ အန္တရာယ်ရှိနိုင်ကြောင်း အမေရိကန် အစားအစာနှင့် ဆေးဝါးဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့ သိပ္ပံပညာရှင်များအကြီးအကဲဟောင်းနှင့် FDA ယာယီကော်မရှင်နာ ၂ကြိမ်ဖြစ်ခဲ့သူ စတီဇင်အော့စထရော့က ပြောကြားသည်။

Proxalutamide ဆေးသည် ထိရောက်မှု အလွန်ကောင်းကြောင်း ဘရာဇီးမှ လေ့လာမှုတစ်ခုအပေါ် Kintor ကုမ္ပဏီက ထပ်ကာတလဲလဲ ချီးမွမ်းနေသောကြောင့် ယုံကြည်ရန် ခက်ခဲကြောင်းလည်း အော့စထရော့ နှင့် အခြား ဆေးဝါးကျွမ်းကျင်သူများက ပြောကြားသည်။

Proxalutamide ဆေးသည် ဆေးရုံသို့ တက်ရောက် ကုသနေရသည့် ကိုဗစ်လူနာများတွင် သေဆုံးမှုနှုန်း ၉၂ ရာခိုင်နှုန်း လျော့ကျသွားကြောင်း ဘရာဇီးနိုင်ငံမှ လေ့လာမှုတစ်ခု၌ ဖော်ပြထားရာတွင် အမှန်တကယ်ဖြစ်ခဲ့ပါက သာမန်မဟုတ်သည့် အံ့မခန်းဖွယ်ရာ ဖြစ်ကြောင်းလည်း အော့စထရော့က ပြောကြားသည်။

ကမ္ဘာပေါ်၌ ထိရောက်သော ကိုဗစ်ရောဂါကုသမှုအတွက် ကြိုးပမ်းနေကြချိန်တွင် အဆိုပါ ပမာဏအထိ သေဆုံးလျော့ကျမှု အလွန်များနေခြင်းကို ယုံကြည်လက်ခံရန် ခက်ခဲကြောင်း ဆော်ပိုလိုမြို့ရှိ HCor သုတေသနသိပ္ပံမှ အလက်ဇန်းဒါးကာဗယ်ကန်တီက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly