ကိုဗစ်ကပ်ဘေးသင့် အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ရာ လူ ၂၀ သေဆုံး 

ကိုဗစ်ကပ်ဘေးသင့် အိန္ဒိယမှာ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ရာ လူ ၂၀ သေဆုံး 
Photo - AFP

မေ ၁၈

လူအသေအဆုံး ရှိတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ အိန္ဒိယ အနောက်ဖက်ကုန်းတွင်းပိုင်းဆီ တနင်္လာနေ့နှောင်းပိုင်းမှာ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လေပြင်းတွေ တိုက်ခတ်ပြီး မိုးသည်းသည်းထန်ထန် ရွာသွန်းတာကြောင့် လမ်းတွေဟာ ရေကြီးရေလျှံသွားခဲ့ပါတယ်။  

နိုင်ငံမှာ ဆိုးဝါးနေတဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို တုံ့ပြန်နေတာအတွက်လည်း ကြားဖြတ်အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။ 

တောက်တဲ့လို့ အမည်ရတဲ့ အခု ဆိုင်ကလုန်းမုန်တိုင်းဟာ နှစ် ၃၀ အတွင်း ဒီ ဒေသဆီ တိုက်ခတ်တဲ့ အကြီးဆုံး မုန်တိုင်းပဲ ဖြစ်တယ်လို့ ပြည်တွင်းသတင်းတွေက ဖော်ပြကြပါတယ်။ စနေ၊ တနင်္ဂနွေကစလို့ ပြင်းထန်တဲ့ ရာသီဥတုကို ဖြစ်ပေါ်နေစေတဲ့ တောက်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းပိုင်း ဝင်ရောက်တိုက်ခတ်ရာမှာ အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ရပါတယ်။ 

ဒေသစံတော်ချိန် ည ၈ နာရီခွဲ ကျော်ကျော်လောက်မှာ ဂူဂျာရတ်ပြည်နယ်ထဲ လေတိုက်နှုန်း တစ်နာရီ ၁၅၅-၁၆၅ ကီလိုမီတာ(မိုင် ၉၅ မိုင်နဲ့ မိုင် ၁၀၀) အကြား အလွန်ပြင်းထန် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ လေပြင်းတိုက်နှုန်းက တစ်နာရီ ၁၈၅ ကီလိုမီတာအထိ ရှိတယ်လို့ အိန္ဒိယ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။ 

ဂူဂျာရတ်ပြည်နယ် မြောက်ပိုင်း ပါတန်မြို့မှာ လေပြင်းကြောင့် ဓာတ်တိုင်ပြိုလဲပြီး အမျိုးသမီး သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။  

ပင်လယ်ရေမျက်နှာဟာ ကမ်းရိုးတန်းတစ်လျှောက် သုံးမီတာအထိ မြင့်တက်ခဲ့ကြောင်း ဒီအူကမ်းရိုးတန်းမြို့ မိုးလေဝသ တာဝန်ရှိသူတွေက ပြောပြီး လေတိုက်နှုန်း တစ်နာရီ ၁၃၃ ကီလိုမီတာ ရှိတယ်လို့ ဆိုပါတယ်။ 

အာကာသကနေ မြင်နိုင်တဲ့ အလွန်ကြီးမားတဲ့ မုန်တိုင်းရွေ့လျား တိုက်ခတ်မှုဟာ နိုင်ငံမှာ နေ့စဉ် လူအနည်းဆုံး ၄၀၀၀ သေဆုံးပြီး ဆေးရုံတွေလည်း ပြိုလဲရမတတ် ဖြစ်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ထောင်တက်နေတာကို ရင်ဆိုင်တိုက်ထုတ်နေရတာအတွက် တစ်ပူပေါ် တစ်ပူဆင့် ဖြစ်စေပါတယ်။ 

ရေကြီးရေလျှံပြီး လေပြင်းတိုက်ခံရတဲ့ မွမ်ဘိုင်းမြို့မှာ အာဏာပိုင်တွေဟာ တနင်္လာနေ့က လေဆိပ်ကို ပိတ်ခဲ့ပြီး လူတွေကိုလည်း အိမ်ထဲမှာပဲ နေဖို့ တိုက်တွန်းခဲ့ပါတယ်။ ကိုဗစ်လူနာ ၅၈၀ ကို ကွင်းပြင်ဆေးရုံ သုံးခုကနေ ပိုဘေးကင်းရာဆီ အာဏာပိုင်တွေက ရွှေ့ပြောင်းပေးခဲ့ပါတယ်။ 

မုန်တိုင်း ဝင်တဲ့ မွမ်ဘိုင်းမြို့တော်ရဲ့ ပြည်နယ် မဟာရာရှာထရာပြည်နယ်မှာ လူ ခြောက်ဦး သေဆုံးပြီး ကိုးဦး ဒဏ်ရာရကြောင်း ပြည်နယ်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။ 

မွမ်ဘိုင်းကမ်းရိုးတန်းအလွန်မှာ ရေမျောနေတဲ့ လူ ၂၇၃ ဦး လိုက်ပါရာ ဝမ်းပြားရေယာဉ်တစ်စင်းကို ရေတပ်သင်္ဘော နှစ်စင်းက ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး ဆောင်ရွက်နေပြီး လက်ရှိအထိ လူ ၂၈ ဦးကို ကယ်ထုတ်ထားနိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့ နှောင်းပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

ကီရာလာပြည်နယ်မှာ လူ ခုနစ်ဦး သေဆုံးပြီး အိမ်ခြေ ၁၅၀၀ နီးပါး ပျက်စီးကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဗီဂျာရန်က တနင်္လာနေ့နှောင်းပိုင်းမှာ တွစ်တာကနေ ရေးသားဖော်ပြခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly