မေ ၁၇
ဆော်ဒီအာရေဗျနိုင်ငံဟာ ကိုဗစ်-၁၉ ကာကွယ်နိုင်စွမ်း ရှိပြီးတဲ့ နိုင်ငံသားတွေကို မေ ၁၇ ရက်ကစလို့ ပြည်ပထွက်ခွာခွင့် ခွင့်ပြုတော့မှာဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံအနေနဲ့ ပြည်ပခရီးစဉ်တွေကို တားမြစ်ထားတာ တစ်နှစ်ကျော် ရှိခဲ့ပြီးနောက်မှာ ခုလို ပြန်လည်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။
လူ သုံးမျိုးသုံးစားကို ဗိုင်းရပ်စ် ခုခံကာကွယ်နိုင်စွမ်း ရှိသူတွေအဖြစ် စဉ်းစားသုံးသပ်သွားမှာ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။
သူတို့တွေကတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံခံပြီးသူတွေ၊ ခရီးသွားဖို့အတွက် အနည်းဆုံး ၁၄ ရက်အကြို ကာကွယ်ဆေး ထိုးသူတွေနဲ့ ခြောက်လအတွင်း ကူးစက်မှုမှာ ပြန်လည်သက်သာလာသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေး မထိုးနှံခံရတဲ့ အသက်အရွယ် အုပ်စုဖြစ်တဲ့ ၁၈ နှစ်အောက် ကလေးတွေကိုလည်း မေ ၁၇ ရက်ကစလို့ ပြည်ပခရီးသွားလာခွင့် ခွင့်ပြုသွားမှာလည်း ဖြစ်ပါတယ်။ ဒီ အသက်အရွယ်အုပ်စုကို ဗဟိုဘဏ်က အတည်ပြုတဲ့ အာမခံမူဝါဒတစ်ရပ်ကို ပေးသွားမှာ ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
“ဆော်ဒီအာရေဗျနိုင်ငံ ပြင်ပကို နိုင်ငံသားတွေ သွားရောက်ခွင့် ပိတ်ထားတာ ပြန်ရုပ်သိမ်းတဲ့ ဆုံးဖြတ်ချက်ဟာ မေ ၁၇ ရက် နံနက် ၁ နာရီမှာ စတင်အသက်ဝင်ပါမယ်”လို့ ဝန်ကြီးဌာနက ပြောပြီး နိုင်ငံအနေနဲ့လည်း ပြည်တွင်းကုန်းမြေ၊ ပင်လယ်နဲ့ ဝေဟင်နယ်နမိတ်တွေကို ပြန်ဖွင့်သွားမယ်လို့ ထပ်လောင်းဆိုထားပါတယ်။
လူဦးရေး ၃၄ သန်းကျော်ရှိရာ နိုင်ငံတွင်းမှာ လူ ကိုးသန်းကျော်ထက်မနည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူပေါင်း ၄၁၉၀၀၀ ဦး ရှိပြီး လူ ၇၀၀၀ နီးပါး ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ပါတယ်။