ဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယသို့ ချဉ်းကပ်စဉ် မိုးကြီးလေထန်ပြီး လူ ၆ ဦး သေဆုံး

ဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယသို့ ချဉ်းကပ်စဉ် မိုးကြီးလေထန်ပြီး လူ ၆ ဦး သေဆုံး
Photo - AFP

မေ ၁၇

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဒဏ် အကြီးအကျယ် ခံစားနေရတဲ့ အိန္ဒိယနိုင်ငံကို အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီးတစ်ခု ဦးတည်ချဉ်းကပ်နေချိန် မိုးသည်းထန်စွာ ရွာပြီး လေပြင်းတိုက်ခတ်မှုတွေဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူခြောက်ဦး သေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက မေလ ၁၆ ရက်မှာ ပြောပါတယ်။

မုန်တိုင်းချဉ်းကပ်လာမှုကြောင့် ဒေသခံ ၁၅၀,၀၀၀ ကျော်ကို ၎င်းတို့ရဲ့ နေအိမ်တွေကနေ ဘေးလွတ်ရာ ရွှေ့ပြောင်းရေးအတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

ယခုရာသီအတွင်း အိန္ဒိယကို ၀င်ရောက်တဲ့ ပထမဆုံးသော အဓိကအပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်မယ့် ဆိုင်ကလုန်း Tauktae ဟာ နိုင်ငံရဲ့ အနောက်ဘက် ကမ်းရိုးတန်းနဲ့အပြိုင် မြောက်ဘက်သို့ ရွေ့လျားနေရာမှာ ပြည်နယ်တစ်ချို့မှာ မိုးကြီးမှု၊ မိုးသက်မုန်တိုင်းတွေ ကျမှုနဲ့ လှိုင်းကြီးမှုတို့ ဖြစ်ပေါ်နေခဲ့ကြောင်း မိုးလေ၀သ ဌာနက ပြောပါတယ်။

အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းဟာ မေလ ၁၈ ရက် အစောပိုင်းလောက်မှာ ဂူဂျာရတ်ပြည်နယ်ကို ၀င်ရောက်မယ်လို့ ခန့်မှန်းရပါတယ်။ မုန်တိုင်းကြောင့် လေတိုက်နှုန်းဟာ တစ်နာရီ ၉၆ မိုင်မှ ၁၀၂ မိုင် (၁၅၅ ကီလိုမီတာကနေ ၁၆၅ ကီလိုမီတာ) အထိ ရှိနိုင်ကြောင်း ရာသီဥတုဗျူရိုက ထုတ်ပြန်ထားပါတယ်။

သဘာ၀ဘေးအန္တရာယ် တုံ့ပြန်ရေး အမှုထမ်း ထောင်နဲ့ချီကိုလည်း ပြည်နယ်တွေမှာ ဖြန့်ကျက်ချထားသလို ကမ်းခြေစောင့်တပ်၊ ကြည်း၊ ရေ၊ လေ  တပ်ဖွဲ့၀င်များကိုလည်း အသင့်ရှိနေစေဖို့ ညွှန်ကြားထားကြောင်း ပြည်ထဲရေး၀န်ကြီး အာမစ် ရှားက ထုတ်ပြန်ပြောဆိုပါတယ်။
ကာနာတာကာ ပြည်နယ်မှာ မိုးကြီးလေထန်မှုကြောင့် မေလ ၁၅ ရက်က လူလေးဦး သေဆုံးခဲ့သလို ဂိုအာပြည်နယ်မှာလည်း လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

မြို့၊ ရွာတစ်ချို့မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ပြီး အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့သလို သစ်ပင်တွေ လဲကျပြီး လမ်းတွေ ပိတ်ကာ ဓာတ်အားလိုင်း ပြတ်တောက်မှုတွေလည်း ရှိနေခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly