သီရိလင်္ကာက စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် အထူးခုံရုံး ဖွင့်လှစ်မည်

သီရိလင်္ကာက စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် အထူးခုံရုံး ဖွင့်လှစ်မည်

ကိုလံဘို၊ ဒီဇင်ဘာ - ၂ ။          ။ ထိပ်တန်းအရာရှိတစ်ယောက်၏ ဒီဇင်ဘာ ၁ ရက်နေ့က ပြောကြားချက်အရ ဆယ်စုနှစ်များစွာ ကြာမြင့်လာခဲ့သည့် လူမျိုးရေးစစ်ပွဲ၏ သွေးချောင်းစီးသည့် အဆုံးသတ် ကာလများအတွင်း ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို စုံစမ်းစစ်ဆေးရန်အတွက် သီရိလင်္ကာက လာမည့်နှစ်အစောပိုင်းတွင် အထူးစစ်ရာဇဝတ်မှုခုံရုံးကို ဖွင့်လှစ်သွားမည်ဖြစ် သည်ဟုဆိုသည်။

အမျိုးသားစည်းလုံးရေးနှင့် ရင်ကြားစေ့ရေးရုံး၏ အကြီးအကဲ သမ္မတဟောင်း ချန်ဒရီကာ ကုမာရတွန်ဂါက ၂၀၀၉ ခုနှစ် မေလတွင် အဆုံးသတ်သွားခဲ့သည့် ၃၇နှစ်ကြာ စစ်ပွဲတွင် ခံရသူများအတွက် တရားမျှတမှုရှိမလာဘဲ သူမ၏ အလုပ်မှာ မပြီးမြောက်နိုင်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့တဲ့ ၇နှစ်လောက်က စစ်ပွဲကို အဆုံးသတ်ခဲ့ပြီးပြီဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးတော့ မရခဲ့ဘူး။ အတိတ်ရဲ့ အမှားတွေကို လက်မခံဘဲနဲ့တော့ ရင်ကြားစေ့ရေးဟာ မဖြစ်နိုင်ဘူးဟု ကုမာရတွန်ဂါက သတင်းထောက်များကို ပြောကြားခဲ့သည်။

စစ်ရာဇတ်ကောင်များကို တရားဥပဒေရှေ့မှောက်သို့ မပို့ဆောင်ဘဲနှင့် တမီလ်ခွဲထွက်ရေးစစ်ပွဲတွင် မတရားခံရသူ ထောင်ပေါင်းများစွာက ရင်ကြားစေ့ရေးကို လက်ခံလိမ့်မည်မဟုတ်ကြောင်းလည်း သူမက ပြောကြားခဲ့သည်။

အထူးခုံရုံးကို  စစ်ရာဇဝတ်မှုများကို တာဝန်ယူရန် တောင်းဆိုထားသဝည့် စက်တင်ဘာဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုရှိမရှိကို ကုလ လူ့အခွင့်အရေးကောင်စီက မသုံးသပ်မီ နှစ်လအလို ဇန်နဝါရီလတွင် စတင်အလုပ်လုပ်ရန် သတ်မှတ်ထားသည်ဟုလည်း သူမကပြောသည်။

ရုံးတော်က စစ်သားတိုင်းကို လိုက်မေးနေမှာတော့ မဟုတ်ဘူး။ အမိန့် ပင်မလမ်းကြောင်းကိုပဲ စစ်ဆေးသွားမယ်ဟု သူမက ပြောကြားပြီး သူပုန်များက ကြောက်မက်ဖွယ်ရာ ရာဇဝတ်မှုကြီးများကို ကျူးလွန်ခဲ့သည်ဟူသော စွပ်စွချက်များကို ဖြေကြားရန်အတွက် အသက်ရှင်ကျန်နေရစ်သည့် တမီလ် သူပုန်ခေါင်းဆောင်များကိုပါ ရုံးတင်စစ်ဆေးသွားမည်ဟု ဆိုသည်။

သီရိလင်္ကာ စစ်ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးမှုတွင် နိုင်ငံတကာမှ တရားသူကြီးများနှင့် ရှေ့နေများပါ ပါဝင်ရန် နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုများနှင့် တမီလ်လူမျိုးများက ဖိအားပေးခဲ့သော်လည်း အစိုးရက ပယ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly