အပစ်ရပ်မှု အဆုံးသတ်ပြီးနောက် အာဖဂန်နစ္စတန်မှာ တိုက်ပွဲတွေ ပြန်စ

အပစ်ရပ်မှု အဆုံးသတ်ပြီးနောက် အာဖဂန်နစ္စတန်မှာ တိုက်ပွဲတွေ ပြန်စ
Photo - AFP

မေ ၁၆

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မငြိမ်မသက်ဖြစ်နေတဲ့ နိုင်ငံတောင်ပိုင်း ဟယ်လ်မန်ပြည်နယ်မှာ အစိုးရတပ်ဖွဲ့တွေနဲ့ တာလီဘန်အကြား တိုက်ခိုက်မှုတွေ မေလ ၁၆ ရက်မှာ ပြန်လည်စတင် ဖြစ်ပေါ်ခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

ဒါဟာ အိဒ်ပွဲတော်အတွက် နှစ်ဘက်အကြား သဘောတူခဲ့တဲ့ သုံးရက်တာ အပစ်ရပ်စဲမှု အဆုံးသတ်ပြီးနောက် ခုလို တိုက်ခိုက်မှုတွေ ပြန်စလာခဲ့တာ ဖြစ်ပါတယ်။

ဟယ်လန်မန်ပြည်နယ် မြို့တော် လက်ရှ်ကာ ဂါရဲ့ အစွန်အဖျားဧရိယာတွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တယ်လို့ အာဖဂန် စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးနဲ့ ဒေသတာ၀န်ရှိသူတစ်ဦးတို့က ပြောပါတယ်။

လက်ရှ်ကာ ဂါ ကတော့ ယခုလအစောပိုင်းမှာ အမေရိကန်က ယင်းရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ တပ်ဖွဲ့၀င်တွေကို အာဖဂန်ကနေ ပြန်လည်ရုပ်သိမ်းမှု စတင်လုပ်ဆောင်ပြီးနောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲတွေကို တွေ့မြင်ထားခဲ့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။

“တိုက်ခိုက်မှုတွေက ဒီနေ့ အစောပိုင်းမှာ စခဲ့ပါတယ်၊ ခုထိလည်း ဆက်ဖြစ်နေဆဲပါ” လို့ ဟယ်လ်မန် ပြည်နယ်‌ ကောင်စီ အကြီးအကဲ အက်တော်လာ အာဖဂန်က ပြောပါတယ်။

တာလီဘန် တိုက်ခိုက်ရေးသမားတွေက လက်ရှ်ကာ ဂါနဲ့ အခြားအရပ်ဒေသ အစွန်အဖျားတွေရှိ လုံခြုံရေးဂိတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

နိုင်ငံတောင်ပိုင်းမှာ တိုက်ခိုက်မှုတွေ ပြန်လည်စတင်နေတယ်ဆိုတာကို အာဖဂန် စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း အတည်ပြုပါတယ်။

စနေနေ့က ပြီးဆုံးခဲ့တဲ့ အိဒ်ပွဲတော် အားလပ်ရက်အတွင်းမှာတော့ တာလီဘန်တို့က အဆိုပြုခဲ့ပြီး အာဖဂန်အစိုးရက မဆိုင်းမတွ သဘောတူခဲ့တဲ့ သုံးရက်တာ အပစ်ရပ်စဲမှုကိုတော့ အများအားဖြင့် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

အဆိုပါ တည်ငြိမ်မှုကတော့ ပြီးခဲ့တဲ့ သောကြာနေ့က အာဖဂန် မြို့တော် အစွန်အဖျားရှိ ဗလီတစ်ခုမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတစ်ခုကြောင့် ကျိုးပျက်ခဲ့ပါတယ်။ အဆိုပါ ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ရပါတယ်။

ဒီ တိုက်ခိုက်မှုဟာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း တာလီဘန်တို့က ထုတ်ဖော်ခဲ့ပါတယ်။

ဂျီဟတ်ဒစ် အဖွဲ့တွေကို စောင့်ကြည့်နေတဲ့ SITE ထောက်လှမ်းရေးအဖွဲ့ရဲ့အဆိုအရ အိုင်အက်စ် အုပ်စုက အဆိုပါ ဗလီတိုက်ခိုက်မှုဟာ ၎င်းတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly