ပါလက်စတိုင်းတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့ လူစုဝေးပွဲတွေ အမေရိကန်နဲ့ ဥ‌ရောပမှာ ပေါ်ပေါက်

ပါလက်စတိုင်းတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့ လူစုဝေးပွဲတွေ အမေရိကန်နဲ့ ဥ‌ရောပမှာ ပေါ်ပေါက်
Photo - AFP

မေ ၁၆

မြောက်အမေရိကရှိ မြို့ကြီးတွေမှာ မေလ ၁၅ ရက်က ပါလက်စတိုင်း ထောက်ခံတဲ့ ဆန္ဒပြသူ ထောင်နဲ့ချီတို့ စုဝေးခဲ့ကြပြီး ဂါဇာကမ်းမြှောင်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။

နယူးယော့ခ်၊ ဘော်စတွန်၊ ၀ါရှင်တန်၊ မွန်ထရီယယ်နဲ့ ဒီယားဘွန်း အစရှိတဲ့ မြို့ကြီးတွေမှာ ပါလက်စတိုင်းတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့ လူစုဝေးပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ လန်ဒန်၊ ဘာလင်၊ မက်ဒရစ် နဲ့ ပါရီ  အပါအ၀င် အဓိက ဥရောပ မြို့ကြီးတွေမှာလည်း ဆန္ဒပြသူ ထောင်သောင်းချီတို့ဟာ ပါလက်စတိုင်းတွေကို ထောက်ခံကြောင်း ပြသဖို့အတွက် စုဝေးချီတက်ခဲ့ကြပါတယ်။

အလားတူ ကနေဒါ နိုင်ငံ တိုရွန်တို မြို့လယ်မှာလည်း ပါလက်စတိုင်း အစုအဖွဲ့၀င်တွေနဲ့ ပါလက်စတိုင်း ‌ထောက်ခံသူတွေ စုဝေးပြီး ဂါဇာမှာ အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

လက်ရှိအချိန်မှာ ဂါဇာရှိ စစ်သွေးကြွတွေနဲ့ အစ္စရေးအကြား နှစ်များအတွင်း အဆိုးရွားဆုံး ပဋိပက္ခ တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာလည်း အစ္စရေးနဲ့ ဂါဇာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အစ္စရေး၀န်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်တို့ကို သီးခြားစီ ဖုန်းဆက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နေတန်ယာဟုနဲ့ ဖုန်းဆက်ပြောဆိုချိန်မှာ ဘိုင်ဒင်က ဟားမားစ် တို့ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို အစ္စရေးရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို ထောက်ခံကြောင်း ပြောခဲ့သလို တစ်ချိန်တည်းမှာလည်းပဲ လက်ရှိ တိုက်ခိုက်မှုတွေဖြစ်ပေါ်နေတာနဲ့ နှစ်ဘက်စလုံးမှာ သေကျေထိခိုက်ဒဏ်ရာရမှုတွေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ဘိုင်ဒင်က ထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

အလားတူ မာမွတ် အာဘတ်စ်နဲ့ ဖုန်းဆက်ဆွေးနွေးစဉ် ဘိုင်ဒင်က ဟားမားစ်တို့ဘက်က ဒုံးကျည်ပစ်ခတ်မှုတွေ ရပ်ဆိုင်းဖို့အတွက် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required