အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာရှိ သတင်းဌာနတွေရှိရာ အဆောက်အအုံ ထိမှန်ပျက်စီး

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာရှိ သတင်းဌာနတွေရှိရာ အဆောက်အအုံ ထိမှန်ပျက်စီး
Photo - AFP

မေ ၁၆

အစ္စရေးတို့ လုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် မေလ ၁၅ ရက်က ဂါဇာကမ်းမြှောင်မှာ အယ်လ်ဂျာဇီးယားနဲ့ အေပီ သတင်းဌာနတို့ရဲ့ ရုံးတွေ ရှိရာ ၁၃ ထပ်အဆောက်အအုံတစ်လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

အယ်လ်ဂျာဇီးယားနဲ့ အခြားနိုင်ငံတကာ သတင်းဌာနရုံးတွေ ရှိတဲ့ ဂါဇာက ဂျလာ တာ၀ါကို အစ္စရေးတို့ တိုက်ခိုက် ဖျက်ဆီးပစ်ခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက တွစ်တာကနေ ပြောပါတယ်။ အလားတူ အစ္စရေးစစ်တပ်က ဒီတိုက်ခိုက်မှုမတိုင်မီ တာ၀ါ အဆောက်အအုံပိုင်ရှင်ထံ သတိပေးခဲ့တယ်လို့လည်း အေပီ ဂျာနယ်လစ်တစ်ဦးက ပြောပါတယ်။

အဲဒီ အဆောက်အအုံ တိုက်ခိုက်ခံရပြီး ပြိုကျပျက်စီးကာ ဖုန်လုံးကြီးတွေ တလိပ်လိပ်တက်နေခဲ့တာကို ဂါဇာဒေသရဲ့ အခြားတစ်နေရာမှာ ရုံးစိုက်တဲ့ အေအက်ဖ်ပီ ဂျာနယ်လစ်တွေကလည်း တွေ့မြင်ခဲ့ပါတယ်။

အစ္စရေး ကာကွယ်ရေးတာ၀န်ရှိသူတွေကတော့ အဲဒီအဆောက်အအုံမှာ သတင်းဌာနရုံးတွေတင် ရှိနေတာမဟုတ်ဘဲ ဟားမားစ် စစ်သွေးကြွတွေရဲ့ ရုံးတွေလည်း ရှိနေခဲ့တယ်လို့ ပြောဆိုပါတယ်။

ဒါပေမယ့်လည်း ကာတာအခြေစိုက် အယ်လ် ဂျာဇီးယားရဲ့ ဂျေရုဆလင် ဗျူရို အကြီးအကဲ ၀ါလစ်ဒ် အယ်လ်အိုမာရီကတော့ ၎င်းတို့အနေနဲ့ ခုဖြစ်စဥ်ကြောင့် နှုတ်ဆိတ်နေဖို့ မရှိဘူးလို့ ဆိုပါတယ်။

“ဒီစစ်ပွဲကို ဆင်နွှဲနေသူတွေဟာ ဂါဇာမှာ ပျက်စီးမှုတွေ၊ သေကျေမှုတွေကို ဖြစ်စေချင်ရုံတင်မကပါဘူး၊ အမှန်တရားကို စောင့်ကြည့်၊ မှတ်တမ်းတင်၊ ထုတ်ဖော်တင်ဆက်နေတဲ့ မီဒီယာတွေကိုပါ အသံတိတ်စေချင်နေတယ်ဆိုတာ ရှင်းလင်းနေပါတယ်” လို့ ၎င်းက ပြောခဲ့ပါတယ်။

အေပီ သတင်းဌာနရဲ့ အမှုဆောင်အရာရှိချုပ် ဂယ်ရီ ပရွတ်ကတော့ ဒီတိုက်ခိုက်မှုကြောင့် ၎င်းဟာ ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်းနဲ့ အဆိုပါ အဆောက်အအုံ ရုံးထဲမှာ အေပီ ဂျာနယ်လစ်တွေနဲ့ အလွတ်တန်းသတင်းသမား ဒါဇင်နဲ့ချီ ရှိနေခဲ့ကြောင်း၊ ဒါပေမယ့် ၎င်းတို့အားလုံး အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

“ဒါက ထိတ်လန့်စရာ ကိစ္စပါ၊ ကျွန်တော်တို့ဟာ အသက်ဘေးကနေ သီသီလေး လွတ်ခဲ့ပါတယ်” ဟု ပရွတ်က ပြောသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနဲ့ပတ်သက်လို့ အတော်အတန် သိုသိုသိပ်သိပ်သာ ရှိနေခဲ့တဲ့ အိမ်ဖြူတော်ကလည်း အစ္စရေးဘက်က လွတ်လပ်တဲ့ သတင်းမီဒီယာတွေကို ကာကွယ်ပေးဖို့ အရေးကြီးတယ်ဆိုပြီး သတိပေးသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly