QUAD အဖွဲ့နှင့် ပတ်သက်၍ တရုတ်အထူးကိုယ်စားလှယ်၏ မှတ်ချက်များအပေါ် ဘင်္ဂလားဒေ့ရှ် အံ့အားသင့်

By Economic Times
15 May 2021
QUAD အဖွဲ့နှင့် ပတ်သက်၍ တရုတ်အထူးကိုယ်စားလှယ်၏ မှတ်ချက်များအပေါ် ဘင်္ဂလားဒေ့ရှ် အံ့အားသင့်

ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လီကျီမင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် QUAD အဖွဲ့တွင် မပါဝင်သင့်ကြောင်းနှင့် ယင်းသို့ မဟုတ်ပါက နှစ်နိုင်ငံဆက်ဆံရေးထိခိုက်မည်ဟု ပြောဆိုမှတ်ချက် ပြုလိုက်ခြင်းအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရက အံ့ဩတုန်လှုပ်ခဲ့သည်။

အဆိုပါ မှတ်ချက်များသည် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဆောင်ရွက်မှုများအပေါ်ပြောင်းလဲ မသွားနိုင်ကြောင်းနှင့် အချုပ်အခြာပိုင် နိုင်ငံတစ်နိုင်ငံအနေဖြင့် လွတ်လပ်သည့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ကြောင်းနှင့် တရုတ်သံတမန်၏ မှတ်ချက်များအပေါ် အံ့အားသင့်ကြောင်းလည်း ဒါကာမြို့အခြေစိုက် သတင်းရင်းမြစ် တစ်ဦးက Economic Times သတင်းဌာနသို့ ပြောကြားသည်။

တရုတ်၏ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေအဒူမိုမန်က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Dhaka Post သတင်းစာသို့ ပြောဆိုရာတွင် “လုပ်၊မလုပ်က ကျွန်တော်တို့အပေါ်မှာ မူတည်ပါတယ်။ QUAD ကလည်း ဖိတ်ခေါ်ထားခြင်းမရှိသလို ကျွန်တော်တို့ကလည်း စိတ်ဝင်စားမှု ပြမထားပါဘူး။ ကျွန်တော်တို့ကလည်း ဘယ်သူကမှ ပြောမထားပါဘူး။ သူတို့ (တရုတ်)က လွတ်လပ်ပြီး အချုပ်အာဏာပိုင်ဆိုင်တဲ့ နိုင်ငံအနေနဲ့ သူတို့ရဲ့ သဘောထားအမြင်ကို ပေးနိုင်ပါတယ်”

တရုတ်သံတမန်၏ မှတ်ချက်များနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်က တုံ့ပြန်မည့် အစီအစဉ်အပေါ် မေးမြန်းရာတွင် မိုမန်က “ဒီအကြောင်းတွေကို မဆွေးနွေးချင်ပါဘူး။ သံတမန်ရေးရာ မူဝါဒအတိုင်း လုပ်ဆောင်မှာပါ။ ဒီလိုစိတ်ပျက်စရာကောင်းတဲ့ ထုတ်ပြန်ချက်တွေကို အမြဲတမ်း မကြိုဆိုနိုင်ပါဘူး” ဟု ပြောကြားသည်။

QUAD သည် သီးခြားဆန်သည့် အုပ်စုလေးဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်အနေဖြင့် မပါဝင်ရန်နှင့် မည်သည့်အကျိုးမှ ရှိမည်မဟုတ်ကြောင်း တရုတ်သံအမတ်ကြီးက ပြောကြားသည်။

“ဒီလို အဖွဲ့တွေဟာ မိမိတို့ အိမ်နီးချင်းနိုင်ငံတွေ့ရဲ့ ကိုယ်ပိုင် လူမှု၊ စီးပွားဖွံ့ဖြိုးမှုနဲ့ ပြည်သူတွေရဲ့ အကျိုးကို ထိခိုက်စေတယ်ဆိုတာ သမိုင်းက ထပ်ကာတလဲလဲ သက်သေပြခဲ့ပြီးပါပြီ” ဟု သံအမတ်လီက ဘင်္ဂလားဒေ့ရှ်ရှိ သံတမန်ရပ်ဝန်းသတင်းထောက်များအသင်း (DCAB) ၏ အစီအစဉ်တစ်ခုတွင် တရုတ်သံအမတ်ကြီးက အွန်လိုင်းမှတစ်ဆင့် ပြောကြားခဲ့သည်။

ဧပြီ ၂၇ ရက်က တရုတ်နိုင်ငံတော် ကောင်စစ်ဝန်နှင့် နိုင်ငံတော် ကာကွယ်ရေးဝန်ကြီး ဝေဖန်ဟေးသည် မြို့တော် ဒါကာသို့ လာရောက်ကာ သမ္မတအဗ္ဗဒူဟာမစ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ဆောင်ရွက်ရန် နှစ်ဖက် သဘောတူညီခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly