တရုတ်ဝန်ကြီးချုပ်က အလုပ်အကိုင်မှစ၍ အစိုးရကြိုးနီစနစ်အထိ အခက်အခဲများနှင့် ပတ်သက်၍ သတိပေး

တရုတ်ဝန်ကြီးချုပ်က အလုပ်အကိုင်မှစ၍ အစိုးရကြိုးနီစနစ်အထိ အခက်အခဲများနှင့် ပတ်သက်၍ သတိပေး
Photo: EPA

ယခုနှစ် ပထမ ၃ လအတွင်း စီးပွားရေး ပြန်လည်တိုးတက်မှုအားကောင်းလာသော်လည်း နိုင်ငံ၏ စီးပွားရေးသည် အလုပ်အကိုင်ဖန်တီးမှုမှစ၍ အစိုးရကြိုးနီစနစ်အထိ စိန်ခေါ်မှုများစွာနှင့် ကြုံနေရကြောင်း တရုတ်ဝန်ကြီးချုပ် လီကေကျန်းက မကြာသေးမီက ပြုလုပ်ခဲ့သည့် အစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။

ဧပြီ ၂၆ ရက်က ကျင်းပခဲ့သည့် သန့်ရှင်းသော အုပ်ချုပ်ရေးစနစ်ဖြစ်ပေါ်ရေးဆိုင်ရာ နှစ်ပတ်လည် ညီလာခံတွင် လီက ယခုကဲ့သို့ အကဲဖြတ်မှုကို လုပ်ဆောင်ခဲ့သည်။ ယင်းအစည်းအဝေးကျင်းပပြီး ၄ ရက်အကြာတွင်

သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သည့် အဖွဲ့ဝင် ၂၅ ဦးပါဝင်သော ပေါ်လစ်ဗျူရိုအဖွဲ့က ပထမ ၃ လ အချိန်အတွင်း စီးပွားရေးအခြေအနေနှင့် ပတ်သက်၍ အစည်းအဝေးတစ်ရပ်ကို ကျင်းခဲ့ပြီး စီးပွားရေး အားနည်းနေခြင်းကို ထက်ဝက်‌လျှော့ချသွားမည်ဟု ဆုံးဖြတ်ခဲ့သည်။

ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးသည် ဇန်နဝါရီလမှ မတ်လအထိ ယမန်နှစ်ကာလနှင့် နှိုင်းယှဉ်ပါက ၁၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယမနှစ်က ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် စီးပွားရေး လုပ်ငန်းအများအပြား ရပ်ဆိုင်းခဲ့ရကာ ၆ ဒဿမ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်ခဲ့သည့်နိုင်ငံများတွင် ပထမဆုံး ပြန်လည်ဦးမော့သည့် နိုင်ငံများတွင် ပါဝင်သော်လည်း တိုးတက်မှုသည် အခြေခိုင်မာမှု မရှိသလို ကြုံတွေ့ရမည့် စိန်ခေါ်မှုများစွာ ရှိနေသေးကြောင်း တရုတ်အစိုးရက အသိအမှတ်ပြုထားသည်။

မေ ၉ ရက်ညက နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ခဲ့သည့် မိန့်ခွန်းစာသားတွင် လီက အလုပ်အကိုင်အခွင့်အလမ်း၊ ပုဂ္ဂလိက ကဏ္ဍ၊အစိုးရ၏ စွမ်းဆောင်ရည် မပြည့်ဝမှုနှင့် ကြိုးနီစနစ်တို့အပေါ် အခက်အခက်နှင့် စိန်ခေါ်မှုများကို အားမရကြောင်း သတိပေးပြောကြားခဲ့သည်။ “မိမိတို့နိုင်ငံရဲ့ စီးပွားပြန်လည်နာလန်ထူခြင်းဟာ တည်ငြိမ်မှု မရှိသေးပါဘူး။ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေဟာ ကုန်ကျစရိတ်တွေ မြင့်မားနေတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါ်မှာ ကြီးမားတဲ့ ဖိအားတွေ ဖြစ်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် နိုင်ငံ၏ အလုပ်အကိုင်အခွင့်အတွက် စိန်ခေါ်မှု ဖြစ်လာနိုင်မည့် အကြောင်းအရာမှာ ယခုနှစ်အတွင်း တရုတ်ပြည်မကြီးရှိ တက္ကသိုလ်များမှ ဘွဲ့ရမည့်သူ ၉ ဒသမ ၁ သန်း ရှိလာနိုင်မည် ဖြစ်သည့်အပြင် ပြည်ပမှ ပြန်လာမည့် ဘွဲ့ရများနှင့် နိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားအများပြားလည်း ရှိမည်ဖြစ်သည်။

တရုတ်အစိုးရက ယခုနှစ်အတွင်း မြို့ပြအလုပ်အကိုင် ၁၁ သန်း ဖန်တီးရန်နှင့် မြို့ပြတွင် အလုပ်လက်မဲ့နှုန်း ၅ ဒသမ၅ ရာခိုင်နှုန်း အထိ ကျဆင်းရန် ရည်မှန်းထားသည်။ ယမန်နှစ်က မြို့ပြ အလုပ်အကိုင်အခွင့်အလမ်းသစ်၉ သန်းခန့် ဖန်တီးရန် သတ်မှတ်ခဲ့သော်လည်း ၁၁ ဒသမ ၈၆ သန်းရှိခဲ့သလို မြို့ပြအလုပ်လက်မဲ့နှုန်း ၆ ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာတွင် ၅ ဒသမ၆ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ “ဒီနှစ်ကတော့ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးမှုကို သတ်မှတ်အရေအတွက် ရရှိဖို့ မလွယ်ပါဘူး” ဟု လီက ဧပြီလအတွင်းက ကျင်းပခဲ့သည့် အစည်းအဝေးတွင် ပြောကြားသည်။

တရုတ်နိုင်ငံ၏ GDP ၆၀ ရာခိုင်နှုန်းကျော်နှင့် အလုပ်အကိုင် ၈၀ ရာခိုင်နှုန်းကျော်ကို ရရှိစေသည့် ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အခက်အခဲများစွာ ဖြစ်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။ နိုင်ငံတွင်း မှတ်ပုံတင်ထားသည့် လုပ်ငန်းအဖွဲ့အစည်း သန်း ၁၄၀ အနက်၇၀ ရာခိုင်နှုန်းသာ လုပ်ငန်းဆောင်ရွက်နိုင်ကြောင်း လီက ပြောကြားသည်။ “ဒီကုမ္ပဏီ သန်း ၁၀၀ ဟာ မိမိတို့နိုင်ငံ စီးပွားရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ အလုပ်ကို သင့်တော်မှန်ကန်စွာ လုပ်ဆောင်ပေးရာမှာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို ဆက်လက်လုပ်ဆောင်ရမှာပါ” ဟု လီက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly