အနောက်ကမ်းမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်အပြီး ဂါဇာကို အစ္စရေး ဂျက်လေယာဉ်တွေ တိုက်ခိုက် 

အနောက်ကမ်းမှာ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်အပြီး ဂါဇာကို အစ္စရေး ဂျက်လေယာဉ်တွေ တိုက်ခိုက် 

မေ ၁၅

အနောက်ဖက်ကမ်းမှာ အသေအဆုံးရှိတဲ့ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပေါ်ပြီး အစ္စရေးနယ်မြေအတွင်း မကြုံဖူးအောင် မတည်ငြိမ်မှုတွေ အတောမသတ် ဖြစ်ခဲ့တဲ့နောက် ပြီးခဲ့တဲ့ ညပိုင်းမှာ အစ္စရေး ဂျက်တိုက်လေယာဉ်တွေဟာ ဂါဇာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်က စနေနေ့မှာ ပြောပါတယ်။ 

အစ္စရေးနဲ့ ဂါဇာက ပါလက်စတိုင်း လက်နက်ကိုင်တွေအကြား ငါးရက်ကြာ တိုက်ပွဲတွေ အရှိန်လျော့ရေးအတွက် ထဲထဲဝင်ဝင် သံခင်းတမန်ခင်း ကြိုးပမ်းမှုတွေ ရှိနေတဲ့ကြားမှာပဲ အစ္စရေးလေတပ်ဟာ ဂါဇာကမ်းမြောင်က ပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်ပါတယ်။ ဂါဇာဖက်ကနေလည်း အစ္စရေးနိုင်ငံဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်ပါတယ်။ 

ဂါဇာကို အစ္စရေးရဲ့ လေကြောင်းထိုးစစ်မှာ ပါလက်စတိုင်း သေဆုံးနှုန်း စုစုပေါင်းဟာ ကလေး ၃၁ ဦး အပါအဝင် ၁၂၆ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၉၅၀ ရှိပါတယ်။ 

ပြည်တွင်း ဂျူး-အာရပ်နယ်မြေနယ်က ဆူပူအကြမ်းဖက်မှုတွေကို ထိန်းချုပ်နေရတဲ့ အစ္စရေးဟာ ပါလက်စတိုင်းတွေ နေထိုင်ရာ အရပ်တွေမှာ သိပ်မဝေးတဲ့ ကာလအတွင်း မကြုံဖူးတဲ့ ပဋိပက္ခထိပ်တိုက်တွေ့မှုတွေကို ရင်ဆိုင်နေရပါတယ်။ 

ဟားမတ်ဇ်နဲ့ အခြား ပါလက်စတိုင်းလက်နက်ကိုင်အုပ်စုတွေက ဂျေရုဆလင်ဆီ ဒုံးကျည်တွေ ပစ်ခတ်လာတာကို လက်တုံ့ပြန်ပြီး တနင်္လာနေ့ကစလို့ အစ္စရေးဟာ ဂါဇာကို ဗုံးကြဲတိုက်ခိုက်တော့တာပါ။ 

အဲဒီ တနင်္လာနေ့ကစပြီး ဂျူးနိုင်ငံ အစ္စရေးဆီ ဒုံးကျည် အစင်းရေ ၂၀၀၀ ကျော်ထက်မနည်း ပစ်ခတ်ခံရကာ ကလေးတစ်ဦးနဲ့ စစ်သားတစ်ဦးအပါအဝင် ကိုးဦး သေဆုံးပြီး ဒဏ်ရာရသူ ၅၆၀ ကျော်ထက်မနည်း ရှိခဲ့ပါတယ်။ 

အစ္စရေးရဲ့ လက်တုံ့ပြန်မှုမှာ အရပ်သားနယ်မြေတွေအောက်ကနေ တူးဖောက်ထားတဲ့ ဟားမတ်ဇ်တွေရဲ့ ဥမင်ကွန်ရက်ကို အကြီးစား တိုက်ခိုက်တာအပါအဝင် ပစ်မှတ် ၈၀၀ နီးပါးကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

အထပ်မြင့်တိုက်တွေနဲ့ အိမ်ခြေတွေ ပြိုကျပျက်စီးတာကြောင့် ဂါဇာက အများပြည်သူ မိသားစုတွေဟာ နောက်ထပ် ဗုံးကြဲတိုက်ခိုက် မခံရခင် စာသင်ကျောင်းတွေနဲ့ ဗလီတွေဆီ တိမ်းရှောင်ပုန်းခိုကြပါတယ်။ 

“ကလေးတွေ အားလုံး ကြောက်နေကြတယ်၊ ကလေးတွေအတွက် ကျွန်တော်တို့ စိုးရိမ်ပူပန်တယ်”ဆိုပြီး ကုလသမဂ္ဂ ထောက်ပံ့တဲ့ ဂါဇာစီးတီးက စာသင်ကျောင်းဆီ မိသားစုနဲ့အတူ လာရောက်ခိုလှုံတဲ့ ကာမယ်အယ်ဟက်ဒက်က ပြောပါတယ်။ 

ဂါဇာစီးတီး အလယ်လောက်က ဟားမတ်ဇ်စစ်ဆင်ရေးရုံးကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က စနေနေ့ အစောပိုင်းမှာ ပြောပြီး ညပိုင်းလေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်တပ်က ‘မြေအောက် ဒုံးကျည်ပစ်ခတ်ရာ နေရာတွေ’လို့ သတ်မှတ်ထားတဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ဖြည့်စွက်ပြောပါတယ်။ 

ဝန်းရံပိတ်ဆို့ခံ ဂါဇာဒေသမှာ အခု ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ၂၀၁၄ စစ်ပွဲနောက်ပိုင်း အဆိုးဆုံးပဲ ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေက ၎င်းတို့ရဲ့ မြို့တော်အဖြစ် အတည်ပြုထားတဲ့ အစ္စရေး ကျူးကျော်သိမ်းပိုက်ထားတဲ့ အပိုင်းက အရှေ့ဂျေရုဆလင်မှာ ရန်လိုထိပ်တိုက်တွေ့မှုတွေ ထွက်ပေါ်လာပြီးနောက်မှာ ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly