အိန္ဒိယသို့ မျက်နှာမူသည့် ကုန်းပြင်မြင့်တွင် တရုတ်က အဆင့်မြင့် ဒုံးကျည်လောင်ချာများ နေရာချထား

အိန္ဒိယသို့ မျက်နှာမူသည့် ကုန်းပြင်မြင့်တွင် တရုတ်က အဆင့်မြင့် ဒုံးကျည်လောင်ချာများ နေရာချထား

အိန္ဒိယနှင့် ရင်ဆိုင်နေရသော နယ်စပ်တပ်များအား တရုတ်က အဆင့်မြှင့်ထားသော ထရပ်ကားတင် ဒုံးကျည်လောင်ချာများတပ်ဆင်ပေးထားကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ရှင်ကျန်းစစ်ဌာနချုပ်၏ အမြောက်တပ်တပ်ရင်းတစ်ခုတွင် PHL-03 တာဝေးပစ်ဒုံးကျည်လောင်ချာအမျိုးမျိုး အစုလိုက်အပြုံလိုက် တပ်ဆင်ထားသည့် ကားများ တပ်ဖြန့်ချထားသည့် ပုံကို CCTV မှ မေလ ၉ရက်တွင် ထုတ်လွှတ်ပြသခဲ့သည်။

ယင်းတပ်ရင်းသည် ကုန်းပြင်မြင့်တွင် တပ်စွဲထားပြီး မီတာ ၅,၂၀ဝ (ပေ ၁၇၀ဝဝ) အမြင့်တွင်တည်ရှိသည်။ ယင်းနေရာတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ဇွန်လက အိန္ဒိယတပ်များနှင့် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့သော နေရာဖြစ်သည်။

"ဒီဒုံးကျည်တွေက အမြောက်တပ်တွေရဲ့ အဓိက ချေမှုန်းတိုက်ခိုက်ရေးပစ္စည်းကိရိယာဖြစ်ပြီး ဒါတွေက မြန်မြန်ဆန်ဆန် ဖြန့်ကြက်နိုင်တာကြောင့် အရေးကြီးတဲ့ နေရာတွေကို သိမ်းယူရန်နဲ့ ထိန်းချုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်" ဟု သတင်းတွင် ဖော်ပြထားသည်။

ယင်းလက်နက်များ၏ အကူအညီဖြင့် PLA တပ်များသည် မြေပြင်အနေထား ခက်ခဲသော ကုန်းမြင့်ဒေသ၊ ကန္တာရနှင့် ရာသီဥတုမရွေး တိုက်ခိုက်နိုင်ကြောင်းဆိုသည်။

ယင်းအကြီးစားဒုံးကျည်လောင်ချာများသည် အချင်း ၁၂ လက်မရှိပြီး ဒုံးကျည်လောင်ချာ ၁၂ လုံးတွဲထားကာ ပုံမှန်အားဖြင့် ၁,၇၆၀ ပေါင်လေးကာ၊ စုစည်းပစ်စွမ်းအားကြောင့် ဒုံးကျည်တစ်ခုချင်းစီသည် နေရာဒေသတစ်ခုကို လွှမ်းခြုံနိုင်ပြီး အဝေးမှ လှမ်းပစ်နိုင်သည်။

ယင်း၏ ပစ်အားမှာ မိုင် ၈၀ အထိရှိပြီး ရှစ်ဘီးတပ် ထရပ်ကားသည် အမြန်နှုန်းအနေဖြင့် တစ်နာရီကို ကီလိုမီတာ ၆၀ အထိ သွားလာနိုင်သည်။

ဒုံးကျည်ဒီဇိုင်းကို ရွှေ့ပြောင်းလွယ်အောင်ပြုလုပ်ထားပြီး သယ်ယူနေရာချချိန်မှ တိုက်ခိုက်ရန် အသင့်ဖြစ်သည်အထိ ၃ မိနစ်သာကြာမြင့်ပြီး အသင့်အနေထားမှ အရေးပေါ်အနေထားအထိ ၁ မိနစ်သာကြာကြောင်း CCTV က ဖော်ပြခဲ့သည်။

အဆင့်မြှင့်တင်ထားသော ယခုဒုံးကျည်သည် တရုတ်ပြည်၏ BeiDou ဂြိုဟ်တုနေရာချထားမှုစနစ်နှင့် ချိတ်ဆက်ထားပြီး ကွန်ပျူတာစနစ်ဖြင့် အလိုအလျောက်ပစ်ခတ်နိုင်သည့် စနစ်တပ်ဆင်ထားခြင်းကြောင့် ပစ်မှတ်ကို တိတိကျကျ ပစ်ခတ်နိုင်သလို ယာဉ်တစ်စီးက သယ်ဆောင်လာသည့် လောင်ချာများဖြင့် ပစ်မှတ်မျိုးစုံကို သီးခြားစီ ပစ်ခတ်နိုင်ကြောင်းလည်း CCTV က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required