ကိုလံဘီယာ ဆန္ဒပြပွဲတွေမှာ သေဆုံးသူ ၄၂ ဦးအထိ ရှိလာ 

ကိုလံဘီယာ ဆန္ဒပြပွဲတွေမှာ သေဆုံးသူ ၄၂ ဦးအထိ ရှိလာ 
Photo - AFP

မေ ၁၃

ကိုလံဘီယာနိုင်ငံမှာ ဧပြီ ၂၈ ရက်နေ့ကနေ စတင်ဖြစ်ပွားတဲ့ အစိုးရဆန့်ကျင်တဲ့ နေ့စဉ်နီးပါး ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ၄၂ ဦး ရှိပြီလို့ နိုင်ငံရဲ့ လူ့အခွင့်အရေး အစိုးရဌာနများကို တိုင်ကြားနိုင်သောရုံးက အင်္ဂါနေ့မှာ ပြောပါတယ်။ 

လက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ဦးကလွဲလို့ သေဆုံးသူအားလုံးဟာ အရပ်သားတွေ ဖြစ်တယ်လို့ အဲဒီ ရုံးက ပြောပါတယ်။ 

အခု သေဆုံးမှုနှုန်းထားဟာ နိုင်ငံအတွင်း ဆယ်စုနှစ်များစွာ ကြာမြင့်တဲ့ ပြည်တွင်းစစ်ကို ၂၀၁၆ ခုနှစ်မှာ အဆုံးသတ်ပေးခဲ့တဲ့ FARC ပျောက်ကြားတပ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ချုပ်ဆိုပြီးနောက်ပိုင်း အသေအဆုံး အများဆုံး ဆန္ဒပြပွဲတွေ ဖြစ်စေခဲ့ပါတယ်။ 

ရဲရဲ့ အကြမ်းဖက်မှုကြောင့် လက်ငင်းသေဆုံးရသူ ၃၉ ဦး ရှိတယ်လို့ ဆိုထားတဲ့ NGOs တွေကတော့ သေဆုံးသူ စုစုပေါင်း အရေအတွက်ဟာ ၄၇ ဦး ဖြစ်ကြောင်း ပြောထားပါတယ်။ 

ထပ်တိုက်တွေ့မှုတွေအတွင်း သေနတ်ကျည်ဆန်ကြောင့် ၁၂ ဦး အပါအဝင် ရဲတာဝန်ရှိသူ ၈၄၉ ဦး ဒဏ်ရာရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပြီး အရပ်သား ဒဏ်ရာရမှုကိုတော့ ၃၀၆ ဦး ရှိတယ်လို့ မတ် ၃ ရက်ကတည်းက ပြောထားတာကို အသစ်ပြန်လည် ထုတ်ပြန်လာခြင်း မရှိတော့ပါ။ 

လုံခြုံရေးတပ်တွေဟာ ဖွဲ့စည်းပုံကို လုံးလုံးနာခံပြီး ပြုမူဆောင်ရွက်နေတာ ဖြစ်ပြီး တစ်ဦးချင်း အမူအကျင့်ကြောင့် ဖြစ်ပွားတဲ့ ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးသွားမှာ ဖြစ်တယ်လို့ သမ္မတ အီဗန်ဒုကွေ့က အင်္ဂါနေ့မှာ ပြောပါတယ်။ 

သမ္မတ ဒုကွေ့ အစိုးရဟာ လုံခြုံရေးအင်အားကို လွန်လွန်ကဲကဲ အသုံးချတာကို ကျေနပ်နေကြောင်း ကျောင်းသားခေါင်းဆောင် ဂျင်နီဖာပက်ရာဇာက အင်္ဂါနေ့မှာ ပြောပြီး ဆန္ဒပြပွဲတွေ ဗုဒ္ဓဟူးနေ့မှာ ဆင်နွှဲဖို့ တိုက်တွန်းလိုက်ပါတယ်။ 

အဆိုပြုခဲ့တဲ့ အခွန်ပြုပြင်ပြောင်းလဲရေးကို ဦးစွာ ဆန့်ကျင်ရာက ဖြစ်ပွားတဲ့ ဆန္ဒပြသမှုတွေဟာ မကြာမီမှာပဲ အစိုးရကို ဆန့်ကျင်တဲ့ သဘောထားတွေ ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြပွဲတွေအဖြစ် အသွင်ကူးပြောင်းခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံမှာက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိုဆိုးဝါးလာနေတဲ့ စီးပွားရေး ဆင်းရဲဒုက္ခတွေနဲ့ ဖြစ်ပွားဆဲ အကြမ်းဖက်ဆူပူမှုတွေကို ရင်ဆိုင်တိုက်ထုတ်နေရချိန်လည်း ဖြစ်ပါတယ်။ 

အခွန်ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်းကို ပြန်လည်ရုပ်သိမ်းပေးလိုက်ပေမယ့်လည်း ဆန္ဒပြပွဲတွေဟာ အင်အားသုံး တုံ့ပြန်ခံနေရတယ်လို့ နိုင်ငံတကာ အသိုက်အဝန်းက ဝေဖန်ထားတဲ့ကြားမှာပဲ ဆက်လက်ဖြစ်ပွားနေတော့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly