အမေရိကန် အိုဟိုင်းယိုးပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးသူတွေအတွက် ဒေါ်လာ ၁ သန်း ထီဆု ဖွင့်ပေးမယ်

အမေရိကန် အိုဟိုင်းယိုးပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးသူတွေအတွက် ဒေါ်လာ ၁ သန်း ထီဆု ဖွင့်ပေးမယ်
Photo - AFP

မေ ၁၃

အမေရိကန်နိုင်ငံမှာ နိုင်ငံသားတွေ လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ကာကွယ်‌ဆေး ထိုးနှံခံကြဖို့အတွက် တာ၀န်ရှိသူတွေက စည်းရုံးသိမ်းသွင်းနိုင်ဖို့ ကြိုးပမ်းနေကြလျက် ရှိရာမှာ အိုဟိုင်းယိုး ပြည်နယ်မှာတော့ ဒေသခံပြည်သူတွေ ကာကွယ်ဆေးထိုးနှံခံယူကြစေအောင်လို့ ဒေါ်လာသန်းချီတဲ့ ထီဆုတွေ ဖွင့်ပေးပြီး ဆွဲဆောင်ဖို့ စီစဉ်နေပါတယ်။

အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ခ် ဒီ၀ိုင်းက မေ ၁၂ ရက်မှာ တွစ်တာကနေ ပြောကြားခဲ့ရာမှာ ၎င်းရဲ့ ပြည်နယ်အနေနဲ့ သီတင်းပတ် ငါးပတ်တိုင်းမှာ တစ်ကြိမ်အဖြစ် ဒေါ်လာ ၁ သန်းတန် ထီဆုကြီးကို မဲနှိုက်ချီးမြှင့်ပေးမယ်လို့ ပြောခဲ့ပါတယ်။ အဲဒီကံစမ်းမဲထီဆုကိုတော့ ကိုဗစ်ကာကွယ်ဆေး အနည်းဆုံး တစ်လုံး ထိုးနှံခံထားပြီးဖြစ်တဲ့ အသက် ၁၈ နှစ်နဲ့အထက် ပြည်နယ်သူ၊ပြည်နယ်သား မည်သူမဆို ကံထူးခွင့်ရမှာ ဖြစ်ပါတယ်။

“ကျွန်တော် သိပါတယ်၊ တစ်ချို့က ပြောပါလိမ့်မယ်၊ မိုက်ခ် ဒီဝိုင်း၊ ခင်ဗျား ရူးများနေသလား၊ ဒီ ဒေါ်လာ သန်းချီတဲ့ ကံစမ်းမဲဆုဖောက်ပေးတဲ့ စိတ်ကူးက အလကားသက်သက် ပိုက်ဆံဖြုန်းတာပဲလို့ ပြောချင်ပြောပါလိမ့်မယ်၊ ဒါပေမယ့် ဒီ ကပ်ရောဂါကာလအတွင်း ကာကွယ်ဆေးကို လိုချင်တဲ့ မည်သူမဆိုအတွက် လိုချင်တဲ့ ကာကွယ်ဆေး ရနေတဲ့အချိန်မှာ တကယ့်ဖြုန်းတီးမှုကတော့ ကာကွယ်ဆေးမထိုးဘဲနဲ့ ကိုဗစ် ရောဂါကြောင့် အသက်ပေးလိုက်ရမှုပါပဲ” လို့ ရီပတ်ဘလစ်ကန် ပါတီ၀င်  မိုက်ခ် ဒီ၀ိုင်းက ပြောသွားပါတယ်။

ပထမဆုံး ထီကံထူးရှင်သူကိုတော့ မေလ ၂၆ ရက်မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ ယင်းနောက် သီတင်းပတ် ငါးပတ်တိုင်းမှာ ဗုဒ္ဓဟူးနေ့ရောက်တိုင်း ဒီအလားတူဆုငွေပမာဏနဲ့ နောက်ထပ် ကံထူးရှင်သစ်ကို ထပ်မံရွေးချယ်ပေးသွားမှာဖြစ်တယ်လို့ ဒီ၀ိုင်းက ပြောသွားပါတယ်။

အဲဒီလို ကိုဗစ်ကာကွယ်ဆေးထိုးမှုကို အားပေးဖို့အတွက် ရည်ရွယ်တဲ့ ဒေါ်လာ ၁ သန်း ကံထူးရှင်ရွေးချယ်မှုကို ကံထူးရှင် ငါးဦး ပေါ်ထွက်သည်အထိ ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

အလားတူ အဆိုပါ အိုဟိုင်းယိုးပြည်နယ်ဟာ အသက် ၁၇ နှစ်အောက် ကာကွယ်‌ဆေးထိုးနှံခံသူတွေအတွက်လည်း ကံစမ်းမဲ စီစဥ်ပေးထားပြီး ၎င်းတို့အတွက်ကတော့ ဒေါ်လာ ၁ သန်းဆုမဟုတ်ဘဲ ပြည်နယ်ရဲ့ တက္ကသိုလ်တွေအနက် တစ်ခုမှာ လေးနှစ်တာအပြည့်အ၀ စကောလားရှစ်ရမယ့် ဆုကို ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။

အမေရိကန် အစားအစာနှင့် ဆေး၀ါး ကွပ်ကဲမှုဌာန (FDA) ကတော့ Pfizer/BioNTech ကာကွယ်ဆေးကို အသက် ၁၂ နှစ်မှ ၁၅ နှစ်အကြား ဆယ်ကျော်သက်တွေအတွက် မေလ ၁၀ ရက်မှာ အတည်ပြုချက် ပေးခဲ့ပါတယ်။

ယခု အိုဟိုင်းယိုးပြည်နယ်မှာ ထီဆုဖွင့်ပေးဖို့အတွက် ငွေကြေးတွေကိုတော့ ကပ်ရောဂါကို တိုက်ဖျက်ဖို့အတွက် ထူထောင်ထားတဲ့ ရှိရင်းစွဲ ပြည်နယ်ရန်ပုံငွေတစ်ခုထဲကနေ ထုတ်ယူအသုံးပြုသွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly