အစ္စရေးက ဂါဇာရှိ နောက်ထပ် မိုးပျံတာဝါကို ဖြိုချခဲ့ရာ ဟားမတ်ဇ်တို့က ဒုံးကျည်တွဲများဖြင့် ပြန်လည်ပစ်ခတ် 

အစ္စရေးက ဂါဇာရှိ နောက်ထပ် မိုးပျံတာဝါကို ဖြိုချခဲ့ရာ ဟားမတ်ဇ်တို့က ဒုံးကျည်တွဲများဖြင့် ပြန်လည်ပစ်ခတ် 
Photo - AFP

မေ ၁၃

ပေါ်ပေါက်လာဖို့ နီးစပ်တဲ့ အပစ်ရပ်စဲရေးကို ပယ်ချပြီး ဂါဇာက အထပ် ၁၄ ထပ် မိုးပျံတာဝါတစ်လုံးကို အစ္စရေးက ဖြိုချပစ်ခဲ့တာအတွက် ဟားမတ်ဇ်အဖွဲ့ဟာ လက်တုံ့ပြန်ပြီး အစ္စရေးဆီ ဗုဒ္ဓဟူးနေ့မှာ ဒုံးကျည်အတွဲလိုက် ထပ်မံပစ်ခတ်လာပါတယ်။ 

ဂါဇာစီးတီးက Al-Farouk တာဝါကို ဖြိုချဖျက်ဆီးတာအတွက် လက်တုံ့ပြန်ပြီး ဒုံးကျည် ၁၃၀ အထိ ပစ်ခတ်ခဲ့တယ်လို့ ဟားမတ်ဇ်က ပြောပါတယ်။ ဒီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေးတောင်ပိုင်းမှာ ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး တဲလ်အဗစ်မှာ လေကြောင်းစီးနင်းမှု သတိပေးဥဩတွေ ဆွဲခဲ့ရပါတယ်။ 

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အဲဒီ တာဝါဟာ မီးလောင်ကျွမ်းပြီး မီးခိုးလုံးတွေ လွင့်တက်နေခဲ့ကာ ပြိုကျပျက်စီးခဲ့ပါတယ်။ မနားတမ်းဆိုရမလောက် အစ္စရေးရဲ့ နှစ်ရက်တာ လေကြောင်းတိုက်ခိုက်မှုတွေမှာ အဲဒီ တာဝါဟာ ဟားမတ်ဇ်တွေရဲ့ ထောက်လှမ်းရေးဌာန ရုံးစိုက်ရာဖြစ်လို့ ပစ်မှတ်ထားတိုက်ခိုက်ကြောင်း အစ္စရေးက ပြောဆိုပါတယ်။ 

“ဒါဟာ အစပဲ ရှိသေးတယ်”လို့ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုက သတိပေးပါတယ်။ 

အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်ကလည်း အပစ်ရပ်စဲရေးကို မစဉ်းစားခင် ဟားမတ်ဇ်နဲ့ အခြား ပါလက်စတိုင်းအစ္စလာမ္မစ်အုပ်စုတွေ ‘အသံမထွက်နိုင်တော့တဲ့အထိ’ တိုးပြီး တိုက်ခိုက်သွားမယ်လို့ စိတ်ပိုင်းဖြတ်ပြောဆိုပါတယ်။ 

တနင်္လာနေ့ကစပြီး ဂါဇာက လက်နက်ကိုင်အုပ်စုတွေဟာ ဒုံးကျည် ၁၂၀၀ ဝန်းကျင်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုပါတယ်။ အစ္စရေးစစ်တပ်အနေနဲ့လည်း လူထူထပ်ရာ ကမ်းရိုးတန်းနယ်မြေဆီ လေကြောင်းထိုးစစ် အကြိမ် ၃၅၀ ကျော် ဆင်နွှဲခဲ့ပြီး လက်နက်ကိုင်အုပ်စုတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

အစ္စရေးနဲ့ ဂါဇာက လက်နက်ကိုင်အုပ်စုတွေကြား ခုနှစ်အတွင်းမှာ အပြင်းထန်ဆုံး အခု ရန်လိုတိုက်ခိုက်မှုတွေဟာ မွတ်စလင်ရော ဂျူးပါ အထွဋ်အမြတ်ထားတဲ့ ဂျေရုဆလင်ရှိ Al-Aqsa ဗလီဝင်းက မငြိမ်မသက်မှုတွေကနေ မီးစပွားလာခဲ့တာ ဖြစ်ပါတယ်။ 

ပါလက်စတိုင်း ဝတ်ပြုသူတွေက ကျောက်တုံးကျောက်ခဲနဲ့ မီးလောင်ဗုံးတွေနဲ့ ပစ်ပေါက်တာကို တုံ့ပြန်ပြီး အစ္စရေးရဲတပ်ဖွဲ့က ဗလီထဲ ဝင်ရောက်စီးနင်းခဲ့ပြီးနောက်မှာ ဟားမတ်ဇ်အုပ်စုဟာ လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

တနင်္လာနေ့ကစလို့ ဂါဇာဒေသမှာ ကလေးငယ် ၁၆ ဦးအပါအဝင် လူပေါင်း ၆၅ ဦး သေဆုံးပြီး အစ္စရေးဖက်မှာ စစ်သားတစ်ဦးရယ်၊ အိန္ဒိယနိုင်ငံသားတစ်ဦးရယ် အပါအဝင် လူ ခုနစ်ဦး သေဆုံးခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly