WHO တွင် ပါဝင်ရန် ထိုင်ဝမ်၏ အဆိုပြုချက်ကို ပြင်သစ်အထက်လွှတ်တော် ထောက်ခံ

WHO တွင် ပါဝင်ရန် ထိုင်ဝမ်၏ အဆိုပြုချက်ကို ပြင်သစ်အထက်လွှတ်တော် ထောက်ခံ
Photo: EPA

ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) ၏ နှစ်ပတ်လည်အစည်းအဝေးမတိုင်မီ ပြင်သစ်အထက်လွှတ်တော်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများတွင် ထိုင်ဝမ်ပါဝင်မှုကို ထောက်ခံသည့် ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။

မတ်လတွင် တင်ပြခဲ့သော ယင်းဆုံးဖြတ်ချက်အား မဲ ၃၀၄-ဝ ၊ ကြားနေမဲ ၉ မဲဖြင့် မေလ ၆ ရက်က ပြင်သစ် အထက်လွှတ်တော်က အတည်ပြုခဲ့ကြောင်း ထိုင်ဝမ်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် သိသာ ထင်ရှားသည့် ကြိုးပမ်းမှုများကြောင့် ထိုင်ဝမ်၏ WHO တွင် ပါဝင်ရန် အဆိုပြုချက်ကို ထောက်ခံသင့်ကြောင်း ပြင်သစ်အထက်လွှတ်တော်အမတ် အာလိုင်းရစ်ချက်က ပြောကြားခဲ့သည်။

ထိုင်ဝမ်က နိုင်ငံတကာရာဇဝတ်မှုရဲအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့နှင့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ မူဘောင်စာချုပ်စသည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သဘောတူ စာချုပ်အဖွဲ့များတွင် ပါဝင်ရန် ကြိုးပမ်းမှုကိုလည်း ထောက်ခံသင့်ကြောင်း သူက ဆိုသည်။

WHO ၏ ဆုံးဖြတ်ချက်ချရသည့်အဖွဲ့ဖြစ်သော WHA တွင် ထိုင်ဝမ်ကို လေ့လာသူအဖြစ် ဂျီ-၇ မှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုအပြီးတွင် ထောက်ခံ လိုက်ခြင်း ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဖိုရမ်နှင့် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ထိုင်ဝမ်၏ အဓိပ္ပာယ်ပြည့်ဝသော ပါဝင်မှုကို မိမိ တို့ထောက်ခံကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ထိုင်ဝမ်၏အောင်မြင်စွာ ကိုင်တွယ်နိုင်မှုများအပါအဝင် မိတ်ဖက်အားလုံးမှ အတွေ့အကြုံများမှ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကျိုးကျေးဇူးများရရှိလိမ့်မည် ဟု ဂျီ-၇ အဖွဲ့၏ မေလ ၅ရက်က ပူးတွဲ ကြေညာချက်တွင် ဖော်ပြထားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးညီလာခံ၏ ၇၄ ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးကို မေလ ၂၄ မှဇွန် ၁ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ အွန်လိုင်းအစည်းအဝေးကျင်းပမည်ဖြစ်သည်။

ထိုင်ဝမ်ကလည်း ဂျီ-၇ အဖွဲ့၏ ခိုင်မာသော ထောက်ခံမှုကို ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ထိုင်ဝမ်၏အောင်မြင်စွာ ကိုင်တွယ်နိုင်မှုများနှင့် ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း အခြားနိုင်ငံများသို့ အကူအညီများပေးခဲ့ခြင်းကို ကိုးကားကာ မေလ ၇ရက်ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်ကို လာမည့် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် ပါဝင်ခွင့်ပြုရန် တိုက်တွန်းခဲ့သည်။ (ANI) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required