ထိုင်း အစာငတ်ခံဆန္ဒပြခေါင်းဆောင်ကို ရက် ၅၀ ကျော်အကြာမှာ အာမခံနဲ့ ပြန်လွှတ်ပေး 

ထိုင်း အစာငတ်ခံဆန္ဒပြခေါင်းဆောင်ကို ရက် ၅၀ ကျော်အကြာမှာ အာမခံနဲ့ ပြန်လွှတ်ပေး 
Photo - AFP

မေ ၁၂

ထိုင်းနိုင်ငံမှာ တော်ဝင်အသရေဖျက်မှုနဲ့ ရင်ဆိုင်နေရတဲ့ အထင်ကရ ဒီမိုကရေစီ ဆန္ဒပြခေါင်းဆောင်တစ်ဦးဟာ အစာငတ်ခံ ဆန္ဒပြနေတာ ရက်ပေါင်း ၅၀ ကျော် ကြာလာလို့ ကျန်းမာရေး ယိုယွင်းလာတဲ့အချိန်မှာ အာမခံနဲ့ အင်္ဂါနေ့က ပြန်လွှတ်ပေးခံရပါတယ်။ 

ပင်ဂွင်းလို့ ချစ်စနိုးခေါ်ကြတဲ့ ပါရစ်ချီဝါရတ်ကို ထိုင်းနိုင်ငံရဲ့ တင်းကျပ်တဲ့ တော်ဝင်ဥပဒေနဲ့ အာဏာပိုင်တွေက စွဲချက်တင်ခဲ့တဲ့ မတ်လကစတင်လို့ ရမန်ချုပ်နဲ့ ချုပ်ထားတာ ဖြစ်ပါတယ်။ 

သူဟာ ကိုယ်အလေးချိန် ၁၂ ကီလိုဂရမ် ဆုံးရှုံးလာတဲ့နောက်မှာတော့ ဧပြီလမှာ ဆေးရုံတင်ပို့ခဲ့တာပဲ ဖြစ်ပါတယ်။ 

တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်တဲ့ ပါရစ် ထိုင်းအစိုးရကို ဆန့်ကျင်ပြီး နိုင်ငံရဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကို တောင်းဆိုကြတဲ့ ပြီးခဲ့တဲ့ နှစ် ဆန္ဒပြပွဲတွေမှာ ပါဝင်မှုအတွက် တော်ဝင်ဥပဒေ ပြစ် ၂၀ နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

အင်္ဂါနေ့မှာတော့ ရာဇဝတ်မှုတရားရုံးတစ်ရုံးကနေ ပါရစ်ကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ 

“လွတ်လပ်တဲ့ ဆန္ဒနဲ့ ပါရစ်ဟာ လျှောက်လဲချက် ပေးခဲ့ပါတယ်၊ သူ အာမခံရရင် ဘုရင်ကို ဂုဏ်အသရေ ညှိုးနွမ်းစေမယ့် ဘယ်လို လုပ်ရပ်မျိုးမှ မလုပ်ဆောင်တော့ဘူးလို့ ဆိုပါတယ်၊ မတည်ငြိမ်မှုတွေကို ဖြစ်စေမယ့် ဘယ်လို လှုပ်ရှားမှုမျိုးမှာလည်း မပါဝင်တော့ဘူး ဆိုပါတယ်၊ သူ့အနေနဲ့ တရားရုံး ခွင့်ပြုချက် မရှိဘဲ နိုင်ငံကနေ ထွက်ခွာခွင့် ရှိမှာ မဟုတ်ပါ”လို့ တရားရုံးက ဆိုပါတယ်။ 

အင်္ဂါနေ့ ညပိုင်းမှာ သူဟာ လုံခြုံရေးမြင့်မားတဲ့ Klong Prem အကျဉ်းထောင်ကနေ ဆေးရုံကားနဲ့ ထွက်ခွာလာခဲ့ပြီး သူ့မိခင်ပါ စောင့်ရှောက်လိုက်ပါလာပါတယ်။ ဒီလို ထွက်ခွာလာတဲ့ ပါရစ်ဟာ ‘ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး’လို့ စာတမ်းရေးထားတဲ့ တီရှပ်ကို ဝတ်ဆင်ထားပြီး ကားပြတင်းပေါက်ကနေ အာဏာဖီဆန်တဲ့ သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင် အလေးပြုခဲ့ပါတယ်။  

သူ့ကို နောက်ထပ် ဆေးဝါးကုသမှုတွေအတွက် ဘန်ကောက်က ဆေးရုံတစ်ရုံဆီ ပို့ဆောင်ဖြစ်ဖို့ ရှိပါတယ်။ 

ဒီမိုကရေစီ လှုပ်ရှားမှုတွေအတွင်း ပြီးခဲ့တဲ့နှစ် ဇူလိုင်လက စတင်လို့ ထိုင်းတော်ဝင်အသရေဖျက်မှုဥပဒေနဲ့ ပြစ်ဒဏ်သင့်နေသူ ၈၆ ဦးအထိ ရှိပြီး စီရင်ချက်ကို စောင့်ဆိုင်းလျက် ရှိနေပါတယ်။ 

ဒီ ဥပဒေနဲ့ ပြစ်ဒဏ်စီရင်ခံရရင် ပြစ်မှုတစ်မှုအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။ 

ဘန်ကောက်မှာ ပြီးခဲ့တဲ့ နှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေရဲ့ အထွဋ်အထိပ်ကာလတွေမှာ ပြည်သူ ထောင်ပေါင်းများစွာပါ ပါဝင်လာခဲ့ကြပေမယ့် နေ့စဉ်နီးပါး လူစုရုံးဆန္ဒပြမှုတွေဟာ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်း ကျရောက်ပြီး အများပြည်သူ စုရုံးမှုတွေကို တင်းကြပ်တဲ့ ကန့်သတ်ချက်တွေကြောင့် တစ်ဖြည်းဖြည်း အင်အားလျော့ မှေးမှိန်ခဲ့ရတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly