အစ္စရေးထိုးစစ်မှာ ဂါဇာတာဝါ ပျက်စီးသွားပြီးနောက် ဟားမတ်ဇ်အဖွဲ့က ဒုံးကျည်တွေ ပြန်လည်ပစ်ခတ် 

အစ္စရေးထိုးစစ်မှာ ဂါဇာတာဝါ ပျက်စီးသွားပြီးနောက် ဟားမတ်ဇ်အဖွဲ့က ဒုံးကျည်တွေ ပြန်လည်ပစ်ခတ် 
Photo - AFP

မေ ၁၂

ဂါဇာရှိ မိုးပျံတာဝါ အဆောက်အအုံတစ်လုံး အစ္စရေးရဲ့ ထိုးစစ်အတွင်းမှာ ပျက်စီးသွားတာကို လက်တုံ့ပြန်ပြီး ပါလက်စတိုင်း ဟားမတ်ဇ်အဖွဲ့ဟာ အင်္ဂါနေ့မှာ အစ္စရေးရဲ့ စီးပွားရေးအချက်အခြာ တဲလ်အဗစ်မြို့ဆီ ဒုံးကျည်တွေ အတွဲလိုက် ပစ်ခတ်ပါတယ်။ 

အစ္စရေးနဲ့ ဟားမတ်ဇ်အဖွဲ့ ရန်ဖက်နှစ်ဦးအနေနဲ့ နှစ်အတော်ကြာအတွင်းမှာ အပြင်းထန်ဆုံး အပြန်အလှန် ပစ်ခတ်မှုတွေ ဆင်နွှဲနေကြတာလည်း ဖြစ်ပါတယ်။ 

ဂျေရုဆလင်က ဆူပူအုံကြွမှုတွေကြောင့် သိသိသာသာ အရှိန်မြင့်နေတဲ့ ထိပ်တိုက်တွေ့မှုတွေမှာ ဂါဇာကမ်းမြောင်ဖက်က ပါလက်စတိုင်း ၃၂ ဦး အနည်းဆုံး သေဆုံးပြီး အစ္စရေး သုံးဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူတွေက ရာပေါင်းများစွာ ရှိနေပါတယ်။ 

“ဒါဟာ အစ္စရေး ထိုးစစ်တွေရဲ့ အစပဲ ရှိသေးတယ်”လို့ ကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က သတိပေးပါတယ်။ 

ဟားမတ်ဇ်ခေါင်းဆောင် အစ္စမေးဟာနီယက်ရှ်ကလည်း “အစ္စရေးက တင်းမာမှု အရှိန်ပြင်းထန်ချင်တယ်ဆိုလည်း ကျွန်တော်တို့ဖက်က အသင့်ပဲ”လို့ စိတ်ပိုင်းဖြတ် ပြောဆိုပါတယ်။ 

အစ္စေရးနဲ့ ဟားမတ်ဇ်တို့ရဲ့ တင်းမာမှု ရေချိန်ဟာ တင်းပြည့်ကြပ်ပြည့် စစ်ပွဲဆီ ဦးတည်နေပြီလို့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးဆိုင်ရာ ကုလသမဂ္ဂ သံတမန် သော်ဝန်နီစလန်းက သတိပေးပါတယ်။ 

ဟားမတ်ဇ် ထိန်းချုပ်နယ်မြေဖြစ်ပြီး အစ္စရေးက ပိတ်ဆို့ထားတဲ့ ဂါဇာက နယ်မြေအစိတ်အပိုင်းတစ်ခုမှာ တနင်္လာနေ့ကစတင်လို့ သေဆုံးရသူတွေကြား ကလေး ဆယ်ဦးနဲ့ အမျိုးသမီး တစ်ဦး အပါအဝင် ဖြစ်ပါတယ်။ 

ဆင်နွှဲဆဲ အစ္စရေးရဲ့ လေကြောင်းထိုးစစ်တွေမှာ နောက်ထပ် လူ ၂၂၀ ထိခိုက်ဒဏ်ရာရပြီး ပျက်စီးပြိုကျတဲ့ အဆောက်အအုံတွေကနေ လူအများအပြားကိုလည်း ကယ်ထုတ်ခဲ့ရပါတယ်။ 

အစ္စရေးဖက်ခြမ်းမှာ ဟားမတ်ဇ်တွေ ဒုံးကျည်ပစ်ခတ်တာနဲ့ ဥဩသံတွေ ဆွဲပြီး တံတားတွေအောက်က မြေအောက်ခိုလှုံရေးစခန်းတွေဆီ ပုန်းခိုကြရပါတယ်။ 

“တကယ့် အထိတ်တလန့် အခြေအနေပါပဲ”လို့ တဲလ်အဗစ်အနီးက ရာမတ်ဂန်အရပ်မှာ နေထိုင်သူ အသက် ၃၈ နှစ်အရွယ် ဘင်ရှလိုမိုက ပြောပြီး သူ့တို့ ခေါင်းပေါ်မှာ ပေါက်ကွဲသံတွေ၊ ပစ်ခတ်သံကြီးတွေ ကြားကြားနေရကြောင်း ဖြည့်စွက်ပြောပါတယ်။ 

တဲလ်အဗစ် ကမ်းရိုးတန်းမြို့ရဲ့ တောင်ဖက်စွန်း ရီရှယွန်လက်ဇီယွန်အရပ်မှာ ဒုံးကျည် ကျရောက်ပေါက်ကွဲလို့ အစ္စရေးအမျိုးသမီးတစ်ဦး သေဆုံးပါတယ်။ အနီးနားက ဟိုလွန်အရပ်မှာ ကားတစ်စီး မီးလောင်ကျွမ်းပြီး ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေ ရှင်းလင်းနေတာကို အေအက်ဖ်ပီက ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။ 

ဒုံးကျည်ပစ်ခတ်မှုတွေကြောင့် တဲလ်အဗစ်အနီးက Ben Gurion အဓိက လေဆိပ်က လေယာဉ်ပျံသန်းမှုတွေကို ရပ်ဆိုင်းထားရပါတယ်။ 

လေဆိပ်နယ်နမိတ်နားက လော့ဒ်မြို့မှာ အာရပ်နေထိုင်သူအချို့ရဲ့ ကျယ်ပြန့်တဲ့ အဓိကရုဏ်းတွေ ဖြစ်ပွားပေါ်ပေါက်တယ်လို့ ရဲက ပြောတာကြောင့် ဝန်ကြီးချုပ် နေတန်ယာဟုဟာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ 

အစ္စရေးအာရပ်တစ်ဦး သတ်ခံရပြီး ညပိုင်းမှာ ထပ်တိုက်တွေ့မှုတွေ ဖြစ်ပွားတဲ့ အဲဒီ အရပ်ဆီ စစ်ကူအင်အားလည်း ပေးပို့ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly