အမေရိကန်မှာ လောင်စာဆီပိုက်လိုင်း ပိတ်လိုက်ရတာကြောင့် ဓာတ်ဆီ ပြတ်လပ်မှုအတွက် စိုးရိမ်ပူပန် 

အမေရိကန်မှာ လောင်စာဆီပိုက်လိုင်း ပိတ်လိုက်ရတာကြောင့် ဓာတ်ဆီ ပြတ်လပ်မှုအတွက် စိုးရိမ်ပူပန် 
Photo - AFP

မေ ၁၂

အမေရိကန်နိုင်ငံမှာ အဓိက လောင်စာပိုက်လိုင်းကွန်ရက် ပိတ်ထားရလို့ ဓာတ်ဆီပြတ်တောက်မှုတွေ ဖြစ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် အလုအယက် ဝယ်ယူမှုတွေ ဖြစ်လာနေပါတယ်။ ဒီအတွက် အမေရိကန်စည်းမျဉ်းထိန်းကွပ်ရေး အာဏာပိုင်များက အရှေ့ပိုင်းပြည်နယ် သုံးခုနဲ့ နိုင်ငံရဲ့ မြို့တော်မှာ သန့်စင်လောင်စာဆီ ပြဋ္ဌာန်းချက်တွေကို ယာယီဆိုင်းငံ့ပေးခဲ့ပါတယ်။ 

ခုလို ဆိုင်းငံ့ပေးတာက ဘယ်လို လောင်စာဆီ ထောက်ပံ့မှုမျိုးအပေါ် သက်ရောက်မယ်ဆိုတာ သေချာရှင်းလင်း မသိရသေးတာကြောင့် အရှေ့တောင်ပိုင်းနယ်မြေတွေက ဆီဆိုင်တွေမှာ ဆီဖြည့်ဖို့ ယာဉ်တန်းလိုက် စောင့်နေကြပြီး အချို့က ဆီပြတ်လပ်မှာ စိုးရိမ်မှုတွေကြား အပိုဆီပုံးတွေပါ သယ်ဆောင်လာကြပါတယ်။ 

Colonial လောင်စာပိုက်လိုင်းကို သောကြာနေ့က ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ကုမ္ပဏီဟာ ၎င်းရဲ့ ဆီပိုက်လိုင်းကွန်ရက်တစ်ခုလုံးကို ပိတ်ခဲ့ရပါတယ်။ ဒါပေမယ့် အခု အခြေအနေဟာ ယာယီပဲ ဖြစ်တယ်ဆိုပြီး စိတ်အေးအေးထားကြဖို့ အစိုးရတာဝန်ရှိသူတွေက တိုက်တွန်းပြောဆိုနေပါတယ်။ 

အမေရိကန်မှာ အကြီးဆုံးလောင်စာပိုက်လိုင်းစနစ်ကို လည်ပတ်နေတဲ့ Colonial Pipeline ဟာ တက္ကဆက် ပင်လယ်ကွေ့ကမ်းရိုးတန်းကနေ လူနေထူထပ်တဲ့ အရှေ့ကမ်းရိုးတန်းဆီထိ မိုင် ၅၅၀၀ ပိုက်လိုင်းကနေ သုံးစွဲသူ သန်း ၅၀ ကို ဓာတ်ဆီနဲ့ လေယာဉ်ဆီ ပို့ဆောင်မှုပေးနေတာပဲ ဖြစ်ပါတယ်။ 

အခု သီတင်းပတ် မကုန်ခင် ပိုက်လိုင်းကွန်ရက်က အပြည့်အဝ ပြန်လည်လည်ပတ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ကုမ္ပဏီက ပြောပါတယ်။ 

Colonial ကုမ္ပဏီက ပိုက်လိုင်းအပြည့်အဝ လည်ပတ်ချိန်မှာ တစ်ချို့ဒေသတွေ ဆီထောက်ပံ့မှုမှာ အလျင်လိုမှုတွေ ခံစားရနိုင်တယ်လို့ စွမ်းအင်ဝန်ကြီး ဂျင်နီဖာဂရန်ဟုမ်းက ပြောပါတယ်။ 

ဒါပေမယ့် “ဓာတ်ဆီ သိုလှောင်ထားတာမျိုးတော့ မလိုအပ်ပါဘူး၊ ပိုက်လိုင်းဟာ သီတင်းပတ်မကုန်ခင်မှာပဲ တော်တော်လေး ပြန်လည်လည်ပတ်လာတော့မှာ ဖြစ်တာကြောင့်ပါ”ဆိုပြီး သူက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောပါတယ်။ 

ပိုက်လိုင်း ပိတ်လိုက်ရတာကြောင့် ဆီပြတ်လပ်မှု ဖြစ်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေဟာ နွေရာသီခရီးသွားရာသီ အဖွင့်ဖြစ်တဲ့ အမေရိကန်အထိမ်းအမှတ်နေ့ ရုံးပိတ်ရက်မတိုင်ခင် ဓာတ်ဆီဈေးတွေ မြင့်တက်စေခဲ့ပါတယ်။ 

ခုလို ဆီဈေး မတက်အောင် ဆီဆိုင်ပိုင်ရှင်တွေအနေနဲ့ တာဝန်ယူဖို့ ဂရန်ဟုမ်းက တိုက်တွန်းပြီး “ကျွန်တော်တို့အနေနဲ့ ဆီဈေး တက်အောင် လုပ်တာတွေကို သည်းခံမှာ မဟုတ်ဘူး”ဆိုပြီး ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required