ရုရှား စာသင်ကျောင်း သေနတ်ပစ်ခတ်မှု လူ ၉ ဦး သေဆုံး

ရုရှား စာသင်ကျောင်း သေနတ်ပစ်ခတ်မှု လူ ၉ ဦး သေဆုံး
Photo - AFP

မေ ၁၁

ရုရှားနိုင်ငံ အလယ်ပိုင်း ကာဇန်မြို့က အထက်တန်းကျောင်းတစ်ကျောင်းမှာ မေလ ၁၁ ရက်က သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ခဲ့လို့ အနည်းဆုံး လူ ကိုးဦး သေဆုံးခဲ့တယ်လို့ ပြည်တွင်း သတင်းအေဂျင်စီတွေက ဖော်ပြပါတယ်။

ရုရှားရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ တာတာစတန်ရဲ့ မြို့တော် ကာဇန်မြို့က အမှတ် ၁၇၅ စာသင်ကျောင်းမှာ လူနှစ်ဦးက ပစ်ခတ်မှုတွေကို လုပ်ခဲ့တာဖြစ်တယ်လို့ ဒေသသတင်းရင်းမြစ်တွေကို ကိုးကားပြီး သတင်းအေဂျင်စီတွေက ဖော်ပြပါတယ်။

တိုက်ခိုက်သူနှစ်ဦးအနက် အသက် ၁၇ နှစ်အရွယ်တစ်ဦးကို ထိန်းသိမ်းနိုင်ခဲ့ပေမယ့် ဒုတိယမြောက် တိုက်ခိုက်သူဟာ ကျောင်းအဆောက်အအုံထဲမှာ ရှိနေသေးတယ်လို့ Interfax က ဖော်ပြပါတယ်။

ကျောင်းသား ရှစ်ဦးနဲ့ ဆရာတစ်ဦး သေဆုံးခဲ့ပြီး ရဲတွေဟာ စာသင်ကျောင်းရဲ့ စတုတ္ထထပ်ကို ပိတ်ဆို့ပြီး ဒုတိယမြောက် တိုက်ခိုက်သူကို ထိန်းသိမ်းဖို့ ကြိုးစားခဲ့တယ်လို့ ယင်းက ဖော်ပြပါတယ်။

အလားတူ ဒီဖြစ်စဥ်မှာ လူကိုးဦး သေဆုံးပြီး ကလေးငယ်တွေအပါအ၀င် လူ ၁၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း TASS သတင်းအေဂျင်စီက ဖော်ပြပါတယ်။

အခင်းဖြစ်ပွားရာနေရာကို တာတာစတန်ရဲ့ အုပ်ချုပ်သူအကြီးအကဲ ရက်စတမ် မင်နစ်ဟန်နော့ဗ်လည်း ရောက်ရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

နိုင်ငံပိုင်ရုပ်သံက ထုတ်လွှင့်တဲ့ ပုံရိပ်တွေအရ စာသင်ကျောင်းအပြင်ဘက်မှာ လူဒါဇင်နဲ့ချီ ရှိနေပြီး အနီးအနား လမ်းတွေမှာ ရဲကားတွေ တန်းစီရပ်ထားတာကို တွေ့ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required