ဟောင်ကောင်၊ မကာအိုနှင့် ချိတ်ဆက်မည့် အစီအစဉ်အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပမာဏကို တရုတ် သတ်မှတ်

ဟောင်ကောင်၊ မကာအိုနှင့် ချိတ်ဆက်မည့် အစီအစဉ်အတွက် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပမာဏကို တရုတ် သတ်မှတ်

တရုတ်အစိုးရသည် နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ်ကို ဟောင်ကောင်၊ မကာအိုတို့နှင့် ချိတ်ဆက်မည့် ယင်း၏ ဓနဥစ္စာ (ဘဏ္ဍာရေး) စီမံခန့်ခွဲမှုဆိုင်ရာ ချိတ်ဆက်မှု အစီအစဉ်အောက်တွင် အရောင်းအ၀ယ်များအတွက် ကနဦး အကန့်အသတ်ဖြင့် ခွင့်ပြုပမာဏအဖြစ် ယွမ်ငွေ ၁၅၀ ဘီလီယံ (ကန်ဒေါ်လာ ၂၃ ဒသမ ၂ ဘီလီယံ) သတ်မှတ်ထားကြောင်း မေလ ၆ ရက်တွင် ထုတ်ပြန်သည့် မူကြမ်းစည်းမျဉ်းများအရ သိရသည်။

ပြီးခဲ့သည့် တစ်နှစ်ခန့်က ကြေညာခဲ့သည့် အဆိုပါ နယ်စပ်ဖြတ်ကျော် စမ်းသပ် စီမံချက်အရ ကမ်းလွန် ဘဏ္ဍာ‌ရေးအချက်အချာနေရာနှစ်ခုရှိ ဒေသခံများနှင့် ကွမ်တုံပြည်နယ်ရှိ မြို့ကြီး ကိုးခု၌ နေထိုင်ကြသူများကို အခြားသော စျေးကွက်များရှိ ဘဏ္ဍာရေးဆိုင်ရာ ထုတ်ကုန်များကို ၀ယ်ယူခွင့်ပြုမည်ဖြစ်သည်။

ဦးတည်ရာ နှစ်ခုစလုံးတွင် အသားတင် ငွေသား စီးဆင်းမှုများသည် ယွမ်ငွေ ၁၅၀ ဘီလီယံထက် ကျော်လွန်၍ရမည် မဟုတ်ဘဲ တစ်ဦးချင်း ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပမာဏသည် ယွမ်ငွေ တစ်သန်း ဖြစ်ကြောင်း တရုတ် ဗဟိုဘဏ်က ထုတ်ပြန်သည့် မူကြမ်းစည်းမျဉ်းများအရ သိရသည်။

ယခု စီမံချက်သည် ဟောင်ကောင်နှင့် မကာအိုကို တရုတ်ပြည်မကြီးနှင့် ထပ်မံ ပေါင်းစပ်စေခြင်းအားဖြင့် တရုတ်တောင်ပိုင်းတွင် မဟာပင်လယ်အော်ဧရိယာ စီးပွားရေး စွမ်းအားထုတ်ဗဟိုဌာနတစ်ခု တည်ဆောက်မည့် သမ္မတ ရှီကျင့်ဖျင်၏ အစီအစဥ် တစ်စိတ်တစ်ဒေသဖြစ်သည်။ ဥစ္စာဓနကြွယ်၀မှု စီမံခန့်ခွဲမှုဆိုင်ရာ ချိတ်ဆက်မှုက ဧရိယာတွင် ရင်းနှီးမြှုပ်နှံမှုကို လွယ်ကူချောမွေ့စေမည် ဖြစ်သည်။

အစီအစဥ်သည် ရင်းနှီးငွေစာရင်းနှင့် ဘဏ္ဍာရေးစျေးကွက်များကို ဖွင့်လှစ်မည့် တရုတ်၏ ကြိုးပမ်းမောင်းနှင်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း တရုတ်ပြည်သူ့ဗဟိုဘဏ်၏ ရှန်ကျန်းအခြေစိုက်ဘဏ်ခွဲက ပြောသည်။

တရုတ်သည် ယခင်ကာလများအတွင်းကလည်း Stock Connect နှင့် Bond Connect တို့အပါအ၀င် အလားတူ နယ်စပ် ဖြတ်ကျော် အစီအစဥ်များကို လုပ်ဆောင်ထားသည်။

ဟောင်ကောင်နှင့် မကာအိုရှိ ရင်းနှီးမြှုပ်နှံသူများသည် စီမံချက်အောက်တွင် တရုတ်၏ ဥစ္စာဓန ကြွယ်၀မှု စီမံခန့်ခွဲမှုဆိုင်ရာ ထုတ်ကုန်များနှင့် mutual funds (အကျိုးတူရန်ပုံငွေအဖွဲ့) များကို ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း မူကြမ်းစည်းမျဥ်းများအရ သိရသည်။ ပြည်မကြီး ရင်းနှီးမြှုပ်နှံသူများက ကမ်းလွန်ဘဏ္ဍာရေးအချက်အချာ

နေရာနှစ်ခုတွင် မည်သည့် ထုတ်ကုန်များကို ၀ယ်ယူနိုင်သလဲ ဆိုသည်ကို စည်းမျဥ်းများတွင် အသေးစိတ်ဖော်ပြမထားပေ။

အများပြည်သူ တုံ့ပြန်မှုသဘောထားကို တောင်းခံရန် တင်ခဲ့သည့် ထိုစည်းမျဥ်းများကို PBOC ၊ တရုတ်ဘဏ်လုပ်ငန်းနှင့် အာမခံဆိုင်ရာ စည်းမျဥ်းထိန်းညှိမှု ကော်မရှင် နှင့် တရုတ် အစုရှယ်ယာလက်မှတ်များ စည်းမျဥ်းထိန်းသိမ်းရေး ကော်မရှင်တို့ ပူးတွဲ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly