ဆက်ဆံရေး တင်းမာမှုများ ရှိသော်လည်း အမေရိကန်၊ ဩစတြေးလျတို့နှင့် တရုတ်၏ ကုန်သွယ်ရေး တိုးတက်လာ

ဆက်ဆံရေး တင်းမာမှုများ ရှိသော်လည်း အမေရိကန်၊ ဩစတြေးလျတို့နှင့် တရုတ်၏ ကုန်သွယ်ရေး တိုးတက်လာ

တရုတ်နိုင်ငံ ထုတ်ကုန်ပစ္စည်းများအပေါ် ဝယ်လိုအား များကြားနေဆဲဖြစ်သောကြောင့် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့ခြင်းသည် ဧပြီလအတွင်း ခန့်မှန်းထားသည်ထက် ပိုမိုမြင့်တက်ခဲ့သည်။

အမေရိကန်ဒေါ်လာတန်ဖိုးဖြင့် ပြည်ပပို့ကုန်တင်ပို့မှုသည် ဧပြီလအတွင်းက ယမန်နှစ်နှင့် နှိုင်းယှဉ်ရာတွင် ၃၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်အကောက်အခွန် အေဂျင်စီက မေ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပမာဏသည် ရိုက်တာသတင်းဌာနက ပြုလုပ်ခဲ့သော စစ်တမ်းတွင် တွေ့ရှိရသည့် ၂၄ ဒသမ ၁ ရာခိုင်နှုန်းထက် ပိုမိုများပြားသည်။

ကုန်သွယ်မှု ပမာဏတွင်လည်း အမေရိကန်ဒေါ်လာတန်ဖိုးအားဖြင့် ၄၃ ဒသမ၁ ရာခိုင်နှုန်းမြင့်တက်ကာ စစ်တမ်းတွင် ၄၂ ဒသမ၅ ရာခိုင်နှုန်းသာ ဖော်ပြထားသည်။

အီလက်ထရောနစ်နှင့် အဆင့်မြင့် နည်းပညာထုတ်ကုန် ဝယ်လိုအားမြင့်တက်မှုကြောင့် ပို့ကုန်ပမာဏ တိုးတက်ခဲ့ပြီး အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများနှင့် ကမ္ဘာ့ဈေးကွက်တွင် ချစ်ပ်ပြား ရှားပါးနေချိန်၌ ဆားကစ်ပြားများ ဝယ်ယူတင်သွင်းမှု မြင့်တက်ခဲ့သည်။

“တရုတ်ရဲ့ ပို့ကုန်ကဏ္ဍ တိုးတက်လာပါတယ်” ဟု Commonwealth Bank of Australia မှ နိုင်ငံတကာ စီးပွားရေးဌာနအကြီးအကဲ ဂျိုးဇက်ကက်ပါဆိုက ပြောကြားသည်။ ဥရောပနှင့် ဂျပန်နိုင်ငံတို့တွင်လည်း ကာကွယ်ဆေး ထိုးနှံပြီးပါက အမေရိကန်ကဲ့သို့ပင် စီးပွားရေး ကောင်းမွန်လာနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် တရုတ်နှင့် အမေရိကန်တို့အကြား ဒေါ်လာ ဘီလျံများစွာ တန်ဖိုးရှိသည့် ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ယူခဲ့သလို တရုတ်နှင့် ဩစတြေးလျတို့အကြား အဆင့်မြင့်စီးပွားရေး ဆွေးနွေးမှုကို ဆိုင်းငံ့လိုက်ပြီးနောက် မေ ၆ ရက်က တင်းမာမှု ပြန်လည်မြင့်တက်လာခဲ့သည်။

ဧပြီလအတွင်းက အမေရိကန်သို့ ပို့ကုန်တင်ပို့သည် ပမာဏသည် ယမန်နှစ်ကထက် ၃၁ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၄၂ ဒသမ ၀၅ ဘီလျံသို့ ရောက်ရှိခဲ့သလို အမေရိကန်မှ တင်သွင်းမှုတန်ဖိုးမှာလည်း ၅၂ ရာခိုင်နှုန်းမြင့်တက်ကာ ဒေါ်လာ ၁၃ ဒသမ ၉၄ ဘီလျံ ရှိခဲ့သည်။

သမ္မတဂျိုးဘိုင်ဒင် အစိုးရလက်ထက်တွင် အမေရိကန်က ဘဏ္ဍာငွေ ထပ်ဆောင်းထည့်ဝင်မှုကြောင် တရုတ်နှင့် ကုန်သွယ်ရေး မြင့်တက်လာခြင်းဖြစ်ကြောင်း ကက်ပါဆိုက ပြောသည်။

တရုတ်အနေဖြင့် ကန့်သတ်မှုများရှိနေသော်လည်း ဩစတြေးလျကုန်ပစ္စည်းများကို ဝယ်ယူနေပြီး အများစုသည် လယ်ယာလုပ်ငန်းနှင့်ဆိုင်သည့် ကုန်ပစ္စည်းများဖြစ်သည်။

တရုတ်အနေဖြင့် ဩစတြေးလျမှ ပို့ကုန်တင်သွင်းမှုသည် ဧပြီလအတွင်းက ၄၉ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၁၄ ဒသမ ၈၇ ဘီလျံရှိခဲ့ပြီး သွင်းကုန်ပမာဏလည်း ၂၀ ရာခိုင်နှုန်း မြင့်တက်ကာ ၅ ဒသမ ၂၅ ဘီလျံရှိခဲ့သည်။

အီးယူသို့ ပို့ကုန်ပမာဏ ၂၄ ရာခိုင်နှုန်း မြင့်တက်ကာ ဒေါ်လာ ၃၉ ဒသမ ၉၂ ဘီလျံရှိခဲ့ပြီး သွင်းကုန်ပမာဏလည်း ၄၃ ရာခိုင်နှုန်း မြင့်တက်ကာ ၂၆ ဒသမ ၇၉ ဘီလျံရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly