အင်ဒိုနီးရှား ရွှေမိုင်းတွင်း၌ မြေပြိုမှုဖြစ်၍ လူ ၇ ဦးထက်မနည်း သေဆုံး

အင်ဒိုနီးရှား ရွှေမိုင်းတွင်း၌ မြေပြိုမှုဖြစ်၍ လူ ၇ ဦးထက်မနည်း သေဆုံး
Photo - AFP

မေ ၁၁

အင်ဒိုနီးရှားနိုင်ငံ၌ ရွှေမိုင်းတွင်းတစ်ခုတွင် မြေပြိုမှုတစ်ခု ဖြစ်ပြီးနောက် အနည်းဆုံး လူခုနစ်ဦး သေဆုံးပြီး တစ်ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များက မေလ ၁၁ ရက်တွင် ပြောသည်။

မေလ ၁၀ ရက်က မိုးသည်းကြီးမည်းကြီး ရွာသွန်းပြီးနောက် မြေပြိုမှုဖြစ်ခဲ့ခြင်း ဖြစ်ပြီး တောင်ပိုင်း ဆိုလော့ခ်အရပ်တွင် ကျောက်တုံးများ၊ အကျိုးအပဲ့များဖြင့် ရောနှောနေသည့် ရွှံမြေများက မိုင်းတွင်းကို ဖုံးလွှမ်းခဲ့ကြောင်း ဒေသဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးဌာန အကြီးအကဲ ဖီကရီက ပြောသည်။

“အနည်းဆုံး ခုနစ်ဦး သေဆုံးပြီး တစ်ဦး ပျောက်ဆုံးနေသည်” ဟု ထို ဌာနက ထုတ်ပြန်သည်။

ကယ်ဆယ်ရေးသမားများက ရွှံ့ပုံများကြားထဲကနေ အသက်ရှင်ကျန်ရစ်သူ ကိုးဦးကို ကယ်ဆယ်ပေးနိုင်ခဲ့ပြီး ပျောက်ဆုံးနေသည့် မိုင်းလုပ်သားတစ်ဦးကို ရှာတွေ့ရန် ယင်းဧရိယာတွင် ဆက်လက်ရှာဖွေလျက် ရှိကြောင်း ဖီကရီက ပြောသည်။

“အစောပိုင်းတုန်းကတော့ ကယ်ဆယ်‌ရေးသမားတွေက ဒီမြေပြိုမှုဒဏ်ခံခဲ့ရသူတွေကို အရေးပေါ်ကားဆီ ပြောင်းပေးဖို့အတွက် အခက်အခဲတွေ ရှိခဲ့ပါတယ်၊ မြေပြင်အနေအထားက မလွယ်ကူတဲ့ အခြေအနေဖြစ်ခဲ့တာပါ” ဟု ဖီကရီက ပြောခဲ့သည်။
သို့သော် ယခုအခါ အသက်ရှင်ကျန်ရစ်သူအားလုံးကို အရေးပေါ် ကုသရန် ဆေးရုံသို့ ပို့ဆောင်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ယခု သဘာ၀ဘေးဖြစ်ရပ်ဆိုး မတိုင်မီ နှစ်ပတ်ခန့်ကလည်း မြောက်ပိုင်း ဆူမတြား ပြည်နယ်ရှိ တရုတ် ထောက်ပံ့သော ရေအားလျှပ်စစ်စီမံကိန်းတစ်ခုတွင် မြေပြိုမှုတစ်ခု ဖြစ်ခဲ့ရာ လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly