တရုတ်၏ အဆင့်မြင့် တစ်ပိုင်းလျှပ်ကူး နည်းပညာ တိုးတက်မှု နှေးကွေး

တရုတ်၏ အဆင့်မြင့် တစ်ပိုင်းလျှပ်ကူး နည်းပညာ တိုးတက်မှု နှေးကွေး

တစ်ပိုင်းလျှပ်ကူး ပစ္စည်းအသေးစားများထုတ်လုပ်မှုတွင် တရုတ်က နှောင့်နှေးကြန့်ကြာမှုနှင့် ရင်ဆိုင်နေရသည်။ Nikkei ၏ စစ်တမ်းတစ်ခုတွင် ပါဝင်ဖြေကြားခဲ့သည့် တရုတ် တစ်ပိုင်းလျှပ်ကူး ပစ္စည်းထုတ်လုပ်သူများအနက်မှ အဓိက ၇ ခုက အဓိကထုတ်ကုန်များမှာ နာနိုမီတာ 14 မှ 28 nm ချစ်ပ်များကို ထုတ်လုပ်နေခြင်းဖြစ်ပြီး ကမ္ဘာ့အဆင့်မြင့်ချစ်ပ်များနောက်မှ မျိုးဆက်နှစ်ဆက် သို့မဟုတ် သုံးဆက် ပျက်ကျန်နေရစ်သည်ဟု ဆိုသည်။ အချို့က မျိုးဆက်ဟောင်းစက်များပင် သူတို့၏ အဓိက ထုတ်ကုန်များဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖြေဆိုသူအများစုက တရုတ်အပေါ် အမေရိကန်၏အရေးယူပိတ်ဆို့မှုသည် နိုင်ငံခြားမှ ပစ္စည်း အစိတ်အပိုင်းများနှင့် စက်ပစ္စည်းများဝယ်ယူခြင်းကို အဟန့်အတားဖြစ်စေသည်ဟု ဆိုသည်။

ထို့ပြင် ပြည်ပမှပစ္စည်းများကို အစားထိုးရန် ပြည်တွင်းအပိုပစ္စည်းများနှင့် စက်ပစ္စည်းများကို အသုံးပြုခြင်းကြောင့် ထုတ်လုပ်မှုနှုန်းကို ကျဆင်းစေသည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။

တရုတ်ပြည်တွင် တစ်ဦးတည်းနီးပါး တစ်ပိုင်းလျှပ်ကူး ပစ္စည်းထုတ်လုပ်သူဖြစ်ပြီး ပုံဖော်စက်များကို စီးပွားဖြစ်ရောင်းချနေသည့် Shanghai Micro Electronics Equipment ကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးက ပြောကြားရာတွင်“ ကျွန်တော်တို့ရဲ့ အဓိကပုံဖော်စက်တွေက ၉၀ နာနိုမီတာ မော်ဒယ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ 28 nm နဲ့ 14 nm မော်ဒယ်တွေကို တိုးထုတ်လုပ်ဖို့ အခွင့်အရေးရှိပါသေးတယ် ဟု ဆိုသည်။

ပုံဖော်စက်များသည် ထုတ်လုပ်ရန် အခက်ခဲဆုံးဖြစ်သော်လည်း နယ်သာလန်အခြေစိုက်ကမ္ဘာ့အကြီးဆုံး ပုံဖော်စက် ထုတ်လုပ်သူ ASML သည် 3 nm နှင့် 2 nm ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် မော်ဒယ်များကို စီးပွားဖြစ်ရောင်းချရန် မျှော်လင့်နေသည်။

အင်တာဗျူးကို အခြေခံသည့် စစ်တမ်းကို မတ်လက ရှန်ဟိုင်းတွင် ကျင်းပသည့် Semicon China 2021 Semiconductor ကုန်ထုတ်လုပ်မှုဆိုင်ရာ ပစ္စည်းပြပွဲတွင် ပြုလုပ်ခဲ့သည်။

Nikkei က တရုတ်ပြည်မကြီးမှ ထုတ်လုပ်သူ ၂၀ ကျော်ထံ ချဉ်းကပ်ခဲ့သော်လည်း ခိုင်ခိုင်မာမာ တုန့်ပြန်မှုပြုသည့် ကုမ္ပဏီများထံမှသာ ဖြေကြားချက်များယူခဲ့သည်။

အထူးသဖြင့် ဖြေဆိုသူများက တစ်ပိုင်းလျှပ်ကူး ပစ္စည်းအသေးစားများထုတ်လုပ်မှုတွင် နှောင့်နှေးကြန့်ကြာနေကြောင်းကို ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ကြသည်။

ပုံဖော်သည့် စနစ်တွင် အားသာချက်ရှိသော Advanced Micro-Fabrication Equipment (AMEC) မှ သုတေသီတစ်ဦးက “5 nm အတွက် စက်တွေ ရောင်းပေးနေပေမဲ့ အများအားဖြင့်တော့ 14 nm နဲ့ 28 nm ထုတ် စက်တွေပဲ ရောင်းရပါတယ်” ဟုပြောကြားခဲ့သည်။

AMEC သည် ရှန်ဟိုင်းတွင် ဖွင့်လှစ်သော STAR Market စတော့ဈေးကွက်တွင် ပထမဦးဆုံးစာရင်းဝင်သည့် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။ ယင်း ဈေးကွက်သည် တစ်ပိုင်းလျှပ်ကူး ပစ္စည်းကဲ့သို့သော မဟာဗျူဟာ မြောက်ကဏ္ဍများအတွက် ပြည်တွင်းဖူလုံမှုရှိစေရန် ရည်မှန်းချက်နှင့် အညီတည်ထောင်ခဲ့ခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required