ကမ္ဘာ့အကျိုးအတွက် အမေရိကန်က ကိုဗစ် ကာကွယ်ဆေးမူပိုင်ခွင့် စွန့်လွှတ်ရန် လိုလားနေ

ကမ္ဘာ့အကျိုးအတွက် အမေရိကန်က ကိုဗစ် ကာကွယ်ဆေးမူပိုင်ခွင့် စွန့်လွှတ်ရန် လိုလားနေ

ဆင်းရဲသောနိုင်ငံများကို ကူညီရန် ကိုဗစ်-၁၉ ကာကွယ်ဆေးမူပိုင်ခွင့်များအား စွန့်လွှတ်လိုက်ရာတွင် တရုတ်နှင့် ရုရှားသို့ အမေရိကန်၏ အရေးပါသော ဇီဝဆေးဝါးနည်းပညာ ရောက်မသွားစေရန် အမေရိကန်အစိုးရက နည်းလမ်းများကို ရှာဖွေလျှက်ရှိသည်။

ဆင်းရဲသောနိုင်ငံများတွင် ကိုယ်ပိုင်ထုတ်လုပ်နိုင်ခြင်းကို ခွင့်ပြုပြီး ဆေးထုတ်လုပ်မှု တိုးတက်ရေးအတွက် အမေရိကန်နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(World Trade Organization) တို့ ဉာဏပစ္စည်းမူပိုင်ခွင့် အခွင့်အရေးများစွန့်လွှတ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခြင်းကို သမ္မတ ဂျိုးဘိုင်ဒင်က မေလ ၅ ရက်က ထောက်ခံခဲ့သည်။

၂၀၂၁ ခုနှစ်အစောပိုင်းက ယင်းတို့ အတွက် ကန်ထရိုက်စာချုပ်များကို တိုးမြှင့်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် ယခုအချိန်အထိ ကာကွယ်ဆေးများကို ချမ်းသာသော နိုင်ငံများက အများစုရရှိနေသည်။ ကာကွယ်ဆေးထိုးနှုန်းတိုးလာသည်နှင့်အမျှ ချမ်းသာသော နိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမှာ ကျဆင်းသွားသော်လည်း ၃၆ နိုင်ငံတွင် ကူးစက်မှုများမြင့်တက်လျက်ရှိပြီး အိန္ဒိယနိုင်ငံ၏ နေ့စဉ်ဖြစ်ပွားမှုနှုန်းမှာ တစ်နေ့လျှင် ၄ သိန်း နီးပါးအထိ မြင့်တက်နေသည်။

ကာကွယ်ဆေးများထုတ်လုပ်ရန် အစိုးရ၏ ပံ့ပိုးမှုများကို ရရှိခဲ့သည့် အနောက်နိုင်ငံများမှ ဆေးဝါးကုမ္ပဏီများသည် ဉာဏမူပိုင်ခွင့်များလွှဲပြောင်းပေးရေးကို ပြင်းပြင်းထန်ထန်ဆန့်ကျင်နေသည်။

ဆင်းရဲသောနိုင်ငံများသည် ထုတ်လုပ်မှုစွမ်းရည်ကို တည်ဆောက်ရန် နှောင့်နှေးကြန့်ကြာနိုင်ပြီး ထုတ်လုပ်မှုနှင့် ရှားပါးကုန်များအတွက် ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း ယင်းတို့က ဆိုကြသည်။

Pfizer Inc ၏ အမှုဆောင်အရာရှိချုပ် အဲလ်ဘတ် ဘိုလာက မူပိုင်ခွင့် စွန့်လွှတ်ရန် အစီအစဉ်သည် ကာကွယ်ဆေးဖြန့်ဖြူးရေး တိုးတက်မှုများကို အနှောင့်အယှက်ဖြစ်စေလိမ့်မည်ဟု မေလ ၇ ရက်က ပြောကြားခဲ့သည်။

“ထိရောက်ဘေးကင်းတဲ့ ကာကွယ်ဆေးထုတ်လုပ်ဖို့အတွက် အရေးတကြီးလိုအပ်တဲ့ သွင်းအားစုတွေအတွက် အခက်အခဲတွေ့လိမ့်မယ်။ ကာကွယ်ဆေးထုတ်လုပ်ရေးမှာ အတွေ့အကြုံအနည်းငယ် ဒါမှမဟုတ် လုံးဝမရှိတဲ့ ကုမ္ပဏီတွေက ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှု တိုးချဲ့ရေးဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို လိုက်လံယူနိုင်လို့ လုံခြုံဘေးကင်းရေးကို အန္တရယ်ရှိနိုင်ပါတယ်”

ကုမ္ပဏီတော်တော်များများနှင့် အချို့သော အမေရိကန်အရာရှိများက ယင်းပြောင်းလဲမှုက နှစ်ပေါင်းများစွာ သုတေသနပြုမှုများနှင့် ဇီဝဆေးဝါးထုတ်လုပ်မှုတွင် အမေရိကန်၏ အားသာချက်ကို ပျက်စီးစေနိုင်ပြီး တရုတ်အား ခုန်ပျံကျော်လွှားပြီး တိုးတက်သွားစေမည်ကို စိုးရိမ်နေကြသည်။

ဘိုင်ဒင်အစိုးရအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားရာတွင် ဦးစားပေးသည် အသက်များကို ကယ်တင်ရန်ဖြစ်သည်ဟုဆိုသော်လည်း အမေရိကန်ပြည်ထောင်စုအနေဖြင့် ရည်ရွယ်ချက်နှင့် ကိုက်ညီမှုရှိစေရန်အတွက် အကျိုးသက်ရောက်မှုမပေါ်ပေါက်မှီ တရုတ်နှင် ရုရှားနိုင်ငံအပေါ် စွန်လွှတ်မှု၏ အကျိုးသက်ရောက်မှုကို လေ့လာလိုကြောင်းပြောကြားခဲ့သည်။

အုပ်ချုပ်ရေးပိုင်းမှ ထုတ်ဝေပြီး စက်မှုလုပ်ငန်းကိုယ်စားလှယ်များနှင့် မျှဝေသည့်မေးခွန်းနှင့် အဖြေစာရွက်စာတမ်းတွင် ဉာဏပစ္စည်းမူပိုင်ခွင့်မျှဝေမှုသည် အမေရိကန်၏ တရုတ်နှင့် ယှဉ်ပြိုင်နိုင်စွမ်းကို ပျက်စီးစေနိုင်ကြောင်း ယင်းဆွေးနွေးမှုနှင့်နီးစပ်သည့် လုပ်ငန်းပိုင်းမှ လူများက ရိုက်တာသို့ ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly