တရုတ်ဒုံးပျံအပျက်အစီးများ ခန့်မှန်းထားသည့်အတိုင်း ကမ္ဘာပေါ်သို့ ကျရောက်

တရုတ်ဒုံးပျံအပျက်အစီးများ ခန့်မှန်းထားသည့်အတိုင်း ကမ္ဘာပေါ်သို့ ကျရောက်

တရုတ်၏ Long March-5B Y2 ဒုံးပျံမှ အကြွင်းအကျန်များသည် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ရောက်ရှိလာပြီး အများစုသည် ဝင်ရောက်လာစဉ် မီးလောင်ကျွမ်းသွားပြီး အချို့မှာ အာရေဗျပင်လယ်အတွင်းသို့ ကျဆင်းသွားကြောင်း တရုတ်၏ အာကာသလုပ်ငန်းဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

အင်အားကြီးနှစ်နိုင်ငံအကြား နည်းပညာနှင့် ပြိုင်ဆိုင်မှုများ ပြင်းထန်နေချိန်တွင် အမေရိကန်အချို့က ‘တရုတ်၏ ခြိမ်းခြောက်မှုသီအိုရီ’ ကို အကျယ်ချဲ့ရန် နည်းလမ်းရှာကြရာတွင် တရုတ်အနေဖြင့် ဒုံးပျံအပျက်အစီးများကို မထိန်းချုပ်ဘဲ ကမ္ဘာကြီးခြိမ်းခြောက်နေကြောင်း စွပ်စွဲချက်ဖြစ်သည်။ တစ်ကမ္ဘာလုံး ကျင့်သုံးနေသည့် အဆိုပါ စည်းကမ်းကို အမေရိကန်အပါအဝင် အာကာသအင်အားကြီးနိုင်ငံများက လိုက်နာကျင့်သုံးရသည်။

တရုတ် အာကာသရေးရာဆိုင်ရာ ကျွမ်းကျင်သူများက ယခုဖြစ်စဉ်သည် သိပ္ပံပညာနယ်ပယ်တွင် သာမန် လုပ်ရိုးလုပ်စဉ်ဖြစ် သော်လည်း ယခုကဲ့သို့ အဓိပ္ပာယ်မဲ့သော ယုတ္တိဗေဒကို အမှန်ဟု ထင်နေသူများကိုအံ့အားသင့်မိကြောင်း လှောင်ပြောင်ပြောကြားခဲ့သည်။

ယခုကဲ့သို့ စွပ်စွဲပြောကြားမှုသည် တရုတ်၏ အာကာသစခန်းတည်ဆောက်အရေး အစီအစဉ်ကို ဖျက်ဆီးရန် အနောက်အုပ်စု၏ စံနှုန်း၂ မျိုး ကျင့်သုံးခြင်းကို ပြသနေကြောင်း ပြည်ပရေးရာ လေ့လာသုံးသပ်သူများက ပြောကြားသည်။

တရုတ်နိုင်ငံ၏ Long March-5B Y2 ဒုံးပျံမှ အပျက်အစီးများသည် မေလ ၈ ရက် (၁၀) နာရီ (၂၄) မိနစ်တွင် ကမ္ဘာ့လေထုအတွင်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း အပိုင်းအစအများစုမှာ ဝင်ရောက်လာစဉ် မီးလောင်ကျွမ်းခဲ့ကြောင်း China Manned Space Agency (CMSA) ၏ ထုတ်ပြန်ချက်အရ ဆိုသည်။

အပိုင်းအစများ ပြန်လည်ဝင်ရောက်သည့် တည်နေရာမှာ အရှေ့လောင်ဂျီတွဒ် ၇၂.၄၇ ဒီဂရီနှင့် မြောက်လတ္တီတွဒ် ၂.၆၅ ဒီဂရီဖြစ်ပြီး မော်လ်ဒိုက်နိုင်ငံအနောက်ပိုင်းရှိ အာရေဗျပင်လယ်အတွင်းသို့ ကျဆင်းသွားခဲ့သည်။

တရုတ်အာကာသစက်မှုလုပ်ငန်းပိုင်းမှ လူများနှင့် နိုင်ငံခြားရေး ဝ န်ကြီးဌာနတို့မှ အန္တရာယ်ဖြစ်စေနိုင်သော ဒုံးပျံအကြွင်းအကျန်များမှာ အလွန်နည်းပါးကြောင်း ရှင်းလင်းပြောကြားခဲ့သော်လည်း CNN၊ New York Times အပါအဝင်အနောက်တိုင်း မီဒီယာများသာမက အမေရိကန်၏ ပင်တဂွန်နှင့် နာဆာတို့ကလည်း အပျက်အစီးများသည် “ အထိန်းအချုပ်မရှိ” ကမ္ဘာမြေသို့ ပြန်လည် ဝင်ရောက်လာနေကြောင်းနှင့် သမုဒ္ဒရာအတွင်းသို့ ဆင်းသက်မှုအတွက် တရုတ်က “ တာဝန်မဲ့” ကြောင်း ဝေဖန်ခဲ့ကြသည်။

ဒုံးပျံအပိုင်းအစများ၏ လှုပ်ရှားမှုတိုင်းကို တရုတ်အာကာသစောင့်ကြည့်လေ့လာရေးကွန်ယက်က အနီးကပ်စောင့်ကြည့်နေပြီး ၎င်းတို့ ဆင်းသက်ရာနေရာနှင့် ပတ်သက်၍ တိကျမှန်ကန်သော ခန့်မှန်းချက်များကို မှန်ကန်စွာပြုလုပ်နိုင်ခဲ့ကြောင်းနှင့် ဆင်းသက်ချိန်တွင် လူထူထပ်ရာနေရာသို့ ရှောင်ရှားနိုင်ရေးကိုလည်း ဒီဇိုင်းရေးဆွဲထားကြောင်း အာကာသရေးရာကျွမ်းကျင်သူ စုန့်ကျုံပင်းက Global Times သို့ ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly