ဟားမတ်ဇ်တို့ ဒုံးကျည်အတွဲလိုက် ပစ်ခတ်၍ အစ္စရေးက လေကြောင်းစစ်ဆင်ရာ လူ ၂၀ ဦး သေဆုံး 

ဟားမတ်ဇ်တို့ ဒုံးကျည်အတွဲလိုက် ပစ်ခတ်၍ အစ္စရေးက လေကြောင်းစစ်ဆင်ရာ လူ ၂၀ ဦး သေဆုံး 
Photo - AFP

မေ ၁၁

ဟားမတ်ဇ်နဲ့ အခြား ပါလက်စတိုင်းလက်နက်ကိုင်တွေရဲ့ ဒုံးကျည်အတွဲလိုက် ပစ်ခတ်တာတွေကို တုံ့ပြန်ပြီး တနင်္လာနေ့မှာ အစ္စရေးက ဂါဇာကမ်းမြောင်ကို လူအသေအဆုံးများတဲ့ လေကြောင်းထိုးစစ်ဆင်ခဲ့ပါတယ်။ 

ဂျေရုဆလင်က Al-Aqsa ဗလီဝင်းမျာ မတည်မငြိမ်ဖြစ်ရာက အစပြုခဲ့တဲ့ ဆူပူအကြမ်းဖက်မှုများ မြင့်တက်နေချိန်မှာ ခုလို လေကြောင်းစစ်ဆင်ရာမှာ ကလေး ကိုးဦးနဲ့ ဟားမတ်ဇ်အကြီးတန်းတပ်မှူးအပါအဝင် သေဆုံးသူ ၂၀ ရှိပြီး ၆၅ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဂါဇာအာဏာပိုင်တွေက ပြောပါတယ်။ 

ဂျေရုဆလင်ဆီ တိုက်ရိုက်ဒုံးကျည်တွေ ပစ်ခတ်ပြီး ဟားမတ်ဇ်အဖွဲ့ဟာ ကန့်သတ်’မျဉ်းနီ’ကို ဖြတ်ကျော်လိုက်ပြီဖြစ်တယ်လို့ အစ္စရေးဝန်ကြီး နေတန်ယာဟုက သတိပေးရင်း ဂျူးနိုင်ငံအနေနဲ့ အင်အားသုံး တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။ 

“ကျွန်တော်တို့ ပိုင်နက်၊ ကျွန်တော်တို့ မြို့တော်၊ ကျွန်တော်တို့ ပြည်သူတွေနဲ့ ကျွန်တော်တို့ စစ်သားတွေကို တိုက်ခိုက်တာကို ကျွန်တော်တို့ သည်းခံလိမ့်မှာ မဟုတ်ဘူး၊ ကျွန်တော်တို့ကို ဒီလို တိုက်ခိုက်သူတွေဟာ တန်ဖိုးကြီးကြီး ပေးဆပ်ရလိမ့်မယ်”လို့ စစ်တပ်နဲ့ Shin Bet လုံခြုံရေးအေဂျင်စီ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့တဲ့ နေတန်ယာဟုက ဆိုပါတယ်။ 

ဂါဇာဖက်ကနေ ဒုံးကျည်အစင်းရေ ၁၅၀ ဝန်းကျင် ပစ်ခတ်လာတာဖြစ်ပြီး ဒါဇင်များစွာကို ဒုံးရန်ကာ Iron Dome Aerial Defense System နဲ့ ကြားဖြတ်ပစ်ချခဲ့ပြီး သေကျေထိခိုက်မှု မရှိဘူးလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ 

“ဂါဇာက ပစ်မှတ်တွေကို ကျွန်တော်တို့ တိုက်ခိုက်ဖို့အတွက် စပြီ၊ ထပ်ပြီး စပါပြီ”လို့ စစ်တပ်ပြောခွင့်ရသူ ဂျောနက်သန်က ဆိုပါတယ်။ 

“တော်တော်လေး ပြင်းပြင်းထန်ထန် တုံ့ပြန်တာ အပါအဝင် အမျိုးမျိုးသော တုံ့ပြန်မှုတွေအတွက် ကျွန်တော်တို့ ပြင်ဆင်ထားပြီးသားပဲ၊ ဟားမတ်ဇ်တွေ ဒါကို သိရတော့မယ်”လို့ သူက ပြောပါတယ်။ 

ဂါဇာမှာ ရှိတဲ့ ဒုံးကျည်ပစ်စင် နှစ်ခုနဲ့ စစ်စခန်းနှစ်ခု၊ တူးမြောင်းတစ်ခုနဲ့ ဟားမတ်ဇ်နေရာ ရှစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ စစ်တပ်က ထုတ်ပြန်ပါတယ်။ 

ဟားမတ်ဇ်သတင်းရင်းမြစ်က ၎င်းတို့ရဲ့ တပ်မှူးတစ်ဦးဖြစ်တဲ့ မိုဟာမတ်ဖေယတ်ဒ် သေဆုံးကြောင်းကို အေအက်ဖ်ပီကို အတည်ပြုပါတယ်။ 

ဂျေရုဆလင်မြို့မှာ ၂၀၁၇ နောက်ပိုင်း အဆိုးဆုံးအဖြစ် ပြီးခဲ့တဲ့ သောကြာနေ့နှောင်းပိုင်းက မွတ်စလင်ဝတ်ပြုဆုတောင်းသူတွေနဲ့ အစ္စရေးအဓိကရုဏ်းနှိမ်နင်းရေးရဲတွေ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ တင်းမာမှုတွေ အရှိန်မြင့်လာနေခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly