အာရေဗျပင်လယ်အတွင်း တရားမ၀င်လက်နက်တွေကို အမေရိကန်ရေတပ် သိမ်းဆည်းရမိ

အာရေဗျပင်လယ်အတွင်း တရားမ၀င်လက်နက်တွေကို အမေရိကန်ရေတပ် သိမ်းဆည်းရမိ
Photo - AFP

မေ ၁၀

အာရေဗျပင်လယ် မြောက်ပိုင်း နိုင်ငံတကာ ရေပိုင်နက်ထဲမှာ ဘယ်နိုင်ငံကမှန်း မသိရတဲ့ ရွက်သင်္ဘောတစ်စင်းပေါ်ကနေ ရုရှားနဲ့ တရုတ်နိုင်ငံလုပ် တရားမ၀င် လက်နက် အမြောက်အမြားကို သိမ်းဆည်းရမိခဲ့တယ်လို့ အမေရိကန်ရေတပ်ရဲ့ အမှတ် (၅) ရေယာဥ်စုက မေလ ၉ ရက်မှာ ပြောပါတယ်။

ပဲ့ထိန်းဒုံးကျည်စနစ်ပါ စစ်သင်္ဘော USS Monterey ဟာ မေလ ၆ ရက်နဲ့ ၇ ရက်က လုပ်ခဲ့တဲ့ နှစ်ရက်တာ စစ်ဆင်ရေးတစ်ရပ်အတွင်း အဆိုပါ ရေယာဉ်ကို ဟန့်တားပြီး စစ်ဆေးခဲ့ရာမှာ ခုလို မှောင်ခိုလက်နက်တွေကို ရှာတွေ့ခဲ့တာဖြစ်တယ်လို့ ဘာရိန်း အခြေပြု အမှတ် (၅) ရေယာဥ်စုက ပြောပါတယ်။

“သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ ရုရှားလုပ် အဆင့်မြင့် တင့်ကားဖျက် ပဲ့ထိန်းဒုံးတွေ ဒါဇင်နဲ့ချီ အပြင် ထောင်နဲ့ချီတဲ့ တရုတ်နိုင်ငံလုပ် အတန်းအစား ၅၆ ချေမှုန်းရေး ရိုင်ဖယ်တွေ၊ ရာနဲ့ချီတဲ့ PKM စက်သေနတ်တွေ၊ စနိုက်ပါ ရိုင်ဖယ်တွေ၊ ဒုံးပစ် လောင်ချာတွေ ပါ၀င်ပါတယ်” လို့ ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောပါတယ်။

ဒီ လက်နက်တွေကိုတော့ အမေရိကန်က ထိန်းသိမ်းထားပြီး ယင်းလက်နက်တွေရဲ့ မူလရင်းမြစ်နဲ့ ဘယ်နေရာကို ပို့ဖို့ စီစဥ်ထားခဲ့သလဲ ဆိုတာကို ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

“တရားမ၀င် ကုန်စည်တွေကို ဖယ်ရှားပြီးတဲ့အခါမှာ အဲဒီ ရေယာဉ်ကို ပင်လယ်လှိုင်းလေဒဏ်ခံနိုင်သလား ဆိုတာကို စစ်ဆေးခဲ့ပါတယ်၊ နောက်ပြီး အမှုထမ်းတွေကိုလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်ပြီး ရေနဲ့ အစားအသောက်တွေ ပေးပြီး လွှတ်ပေးခဲ့ပါတယ်” လို့ ယင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီရေယာဉ်ဟာ ဘယ်နေရာကနေ ထွက်လာခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။ ဒါပေမယ့် ယင်းဒေသမှာ အမေရိကန် ရေတပ်ရဲ့ ပုံမှန် ကင်းလှည့်စောင့်ကြပ်မှုတွေကြောင့် ရံဖန်ရံခါဆိုသလို အကြမ်းဖက်မှုနဲ့ အခြားသော ဥပဒေမဲ့ လုပ်ဆောင်ချက်တွေအတွက် ရည်ရွယ်ပြီး တရားမ၀င် ကုန်စည်သယ်ယူပို့ဆောင်မှုတွေကို ဟန့်တားနိုင်လျက်ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required