အမေရိကန်က မွေးနေ့ပါတီပွဲတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပြီး ခုနစ်ဦး သေဆုံး 

အမေရိကန်က မွေးနေ့ပါတီပွဲတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပြီး ခုနစ်ဦး သေဆုံး 
Photo - AFP

မေ ၁၀

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်က မွေးနေ့ပါတီပွဲတစ်ခုမှာ အမျိုးသားတစ်ဦးက သေနတ်ပစ်ခတ်လို့ လူ ခြောက်ဦး သေဆုံးပြီး အဲဒီ အမျိုးသားကိုယ်တိုင်လည်း ကိုယ်ကိုကို ပစ်ခတ်အဆုံးစီရင်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ကားနောက်တွဲ အိမ်တစ်လုံးရဲ့ ပန်းခြံတစ်ခုကနေ နံနက်ပိုင်းမှာ အရေးပေါ်ဖုန်းခေါ်ဆိုမှုကြောင့် Colorado Springs ရဲတပ်ဖွဲ့ သွားရောက်ရာမှာ အရွယ်ရောက်ပြီးသူ ခြောက်ဦး သေဆုံးနေပြီး အမျိုးသားတစ်ဦး ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာကို တွေ့ရှိတာ ဖြစ်ပါတယ်။ 

အဲဒီ ဒဏ်ရာရ အမျိုးသားကို ဒေသဆေးရုံတစ်ခုဆီ တင်ပို့ခဲ့ပေမယ့် ဒဏ်ရာနဲ့ ဆေးရုံပေါ်မှာ သေဆုံးခဲ့တာပါ။ 

ကနဦးစုံစမ်းမှုအရ ပစ်ခတ်မှုဖြစ်ရာ နောက်တွဲယာဉ်အိမ်တွေထဲက တစ်အိမ်မှာ မွေးနေ့ပါတီအတွက် မိသားစုတွေ စုရုံးရောက်ရှိခဲ့တာလို့ သိရပါတယ်။ 

“သံသယရှိ ပစ်ခတ်သူဟာ သေဆုံးသူတွေထဲက အမျိုးသမီးတစ်ဦးရဲ့ ရည်းစားပါ၊ ဒီ မွေးနေ့ပွဲဆီ ကားမောင်းလာခဲ့ပြီး အထဲဝင်ရောက်လို့ စတင်ပစ်ခတ်တာ ဖြစ်ပါတယ်၊ ပြီးတော့ သူကိုယ်ကို ပစ်ခတ်သတ်သေသွားပါတယ်”လို့ ထုတ်ပြန်ချက်မှာ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။ 

“ပစ်ခတ်ရတဲ့ အကြောင်းရင်းကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးဆဲ ဖြစ်တယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ပါတီမှာ ဒီ တိုက်ခိုက်မှုအတွင်း ကလေးတစ်ဦးတစ်ယောက်မှ ထိခိုက်မှု ရှိကြောင်းနဲ့ မိသားစုဝင်တွေက စောင့်ရှောက်ပေးထားကြောင်း ရဲက ပြောပါတယ်။ သေဆုံးသူတွေကို မထုတ်ပြန်သေးပါ။ 

“အခင်းဖြစ်ရာမှာ ရှိနေတဲ့ စုံစမ်းရေးတွေနဲ့ တာဝန်ရှိသူတွေ အားလုံး မယုံကြည်နိုင်လောက်အောင် တုန်လှုပ်မိကြတယ်”လို့ Colorado Springs ရဲတပ်ဖွဲ့ အကြီးအကဲ ဗန်စီနီစကီက ပြောပါတယ်။ “ကိုယ့်မိသားစု အသိုက်အဝန်းမှာ ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူးလို့ မျှော်လင့်ထားတဲ့ အရာမျိုး ဖြစ်တာပါပဲ”လို့ သူက ဆိုပါတယ်။ 

အခု အကြမ်းဖက်မှုရဲ့ အသိဉာဏ်မဲ့တဲ့ လုပ်ရပ်ဟာ လူ့အသိုင်းအဝိုင်းအတွက် ဝမ်းနည်းပူဆွေးစရာ ဖြစ်စေခဲ့ပြီး သေဆုံးသူတွေ၊ သူတို့ရဲ့ မိသားစုတွေအတွက် ဆုတောင်းပေးကြပါလို့ Colorado Springs မြို့တော်ဝန် ဂျွန်ရှက်တာက ပြောပါတယ်။ 

အမေရိကန်နိုင်ငံမှာ မကြာသေးတဲ့ သီတင်းပတ်တွေအတွင်း လူအစုလိုက် ပစ်ခတ်မှုတွေ ကြုံတွေ့ခံစားခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့ နှစ်ထဲမှာ ကိုယ်ကိုကို  သတ်သေတာအပါအဝင် သေနတ်ကြောင့် သေဆုံးမှုပေါင်း ၄၃၀၀၀ ကျော်ထက်မနည်း ရှိတယ်လို့ Gun Violence Archive အဖွဲ့အရ သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required