ထိုင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေ

ထိုင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေ
Photo - AFP

မေ ၁၀

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနဲ့ ရင်ဆိုင်လုံးပန်းနေရချိန် မြို့တော် ဘန်ကောက်မှာ ယခုအခါ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးမှုတွေကို အရှိန်မြှင့်တင် လုပ်ဆောင်လျက် ရှိပါတယ်။

မြို့တော် ဘန်ကောက်ဟာ ယခုအချိန်မှာ နိုင်ငံရဲ့ ကိုဗစ်-၁၉ တတိယလှိုင်းရဲ့ ဗဟိုချက် ဖြစ်နေခဲ့ပါတယ်။

ဘန်ကောက်မြို့ရဲ့ လူအစည်ကားဆုံး ဧရိယာတွေအနက် တစ်ခုဖြစ်တဲ့ Din Daeng စျေး အနီး၀န်းကျင်မှာ မကြာသေးခင်က အစုအဝေးပုံစံ ကူးစက်မှု ထွက်ပေါ်ထားခဲ့ပါတယ်။

ယင်းနောက်ပိုင်းမှာ စျေးနဲ့ကပ်လျက် အားကစားကွင်းတစ်ကွင်းထဲမှာ ရွေ့လျား စစ်ဆေးမှုူနေရာတွေ ထားရှိပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

နိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းက ညပွဲလမ်းသဘင်တွေ ရှိရာ အရပ်တစ်ခုမှာ ကူးစက်ဖြစ်ပွားမှုကို ပထမဆုံး တွေ့ရှိပြီးနောက်ပိုင်း အာဏာပိုင်တွေဟာ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေရပါတယ်။

ထိုင်းနိုင်ငံမှာ တစ်လတည်းအတွင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ ကူးစက်ခံလူနာအရေအတွက်ဟာ ဧပြီလအစောပိုင်းကအထိ ရှိနေခဲ့တဲ့ နိုင်ငံရဲ့ စုစုပေါင်း ကူးစက်ခံရသူအရေအတွက်ကို ကျော်လွန်ထားခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ ယင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းဟာ ၈၅,၀၀၀ ကျော်အထိ ရှိနေပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၂၁ ဦး ရှိနေတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly