ဂျာအေးသူ့အမေရိုက်ခြင်း

By ဇေယျာအုန်း
09 May 2021
ဂျာအေးသူ့အမေရိုက်ခြင်း

မေ ၉

ဟိုတနေ့က အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဦးကျော်မိုးထွန်းနဲ့ ကာလီဖိုးနီးယားပြည်နယ်က အမေရိကန်အောက်လွှတ်တော်အမတ် ပြောကြ၊ ဆိုကြတာ ကြည့်လိုက်ရတယ်။ အမေရိကန်အမတ်က မေးတယ်။ အခုဖွဲ့ထားတဲ့အစိုးရအဖွဲ့ထဲမှာ ရိုဟင်ဂျာပါလားတဲ့။ ဦးကျော်မိုးထွန်းကလဲ အဖြေကို ဟိုရှောင်၊ ဒီရှောင်ဖြေ တယ်။ အမှန်က ဦးကျော်မိုးထွန်းအနေနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့ထဲမှာ ရိုဟင်ဂျာမပါဘူး။ မထည့်ထားဘူး။ အခုလို ယာယီအခြေအနေမျိုးမပြောနဲ့၊ ကျွန်တော်တို့ အရပ်သားအစိုးရနိုင်ငံအုပ်ချုပ်တုန်းကတောင် ရိုဟင် ဂျာမပြောနဲ့၊ ရိုဟင်မဂျာနဲ့ မြို့ကြီး၊ ပြကြီးတွေက မွတ်စလင်တွေတောင် လွှတ်တော်ထဲမှာ တယောက်မှ မထည့်ထားဘူးလို့ ပြန်ဖြေလိုက်ရင် အမှန်ဆိုပေမယ့် ဟိုဖက်က မကြိုက်နိုင်ဘူးဆိုတာသိလို့ လွတ်မလားဆို ဟိုပြော၊ ဒီပြော လုပ်နေတော့ မလွတ်ဘဲ ထပ်အမေးခံရတယ်။ 

အမေရိကန်လွှတ်တော်အမတ်က  မြန်မာပြည်ထဲမှာ မွေးတယ်ဆိုတဲ့ရိုဟင်ဂျာတွေကိုရော နိုင်ငံသား သတ်မှတ်ပေးနိုင်မလားဆိုပြီး မေးတော့လဲ ဦးကျော်မိုးထွန်းက တိတိကျကျမဖြေနိုင်ပြန်ဘူး။ အမေရိကားမှာတော့ ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ် ဘာသာစကားပဲ ပြောပြော၊ အမေရိကားထဲမှာ မွေးရင် အမေရိကန်နိုင်ငံ သား သတ်မှတ်ပေးတယ်ဆိုတော့ လွှတ်တော်အ မတ်ကလဲ ဒီကအနေအထားနဲ့ နှိုင်းပြီး မေးလိုက်ပုံရတယ်။ ဦးကျော်မိုးထွန်းက နိုင်ငံတကာ အကူအညီတော့ လိုချင်ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေ ကို နိုင်ငံသား ပေးဖို့၊ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး အရင်က မီးရှို့သတ်ဖြတ်ခဲ့တာတွေကို သူတို့ရွာသူတို့ ပြန်မီးရှို့ ပြီး သက်သက်မဲ့ပြဿနာလုပ်ခဲ့တာပါလို့ ပြောဆိုခဲ့ တာတွေကို ပြန်တောင်းပန်ဖို့တို့က မဖြစ်နိုင်ပါဘူးဆိုတဲ့ အရပ်သား အစိုးရရဲ့ သဘောထားကို သေချာပြန် မရှင်းပြနိုင်လိုက်ဘူး။ 

မရှင်းပြလိုက်နိုင်ဘူးဆိုတာ ဦးကျော်မိုးထွန်းအနေနဲ့ အင်္ဂလိပ်စာအားနည်းလို့၊ အပြောအဆို မကျွမ်းကျင်လို့ မဟုတ်ဘူး။ သူကိုယ်စားပြုတဲ့ အစိုးရအဖွဲ့ရဲ့သဘောထားရပ်တည်ချက်နဲ့ ပြည်သူတွေရဲ့ အယူအဆကို ဆန့်ကျင်ပြီး မဖြေဖြစ်လိုက်တာလို့ပဲ မြင်မိတယ်။ 

 ဦးကျော်မိုးထွန်းနဲ့ အမေရိကန်သံအမတ် စကားပြောဆိုကြတာကို သိပ်ပြီး အားတက်သရော လူမှုကွန်ယက် မှာ ရှယ်ကြတာ မတွေ့ရဘူး။ ရှယ်မယ့်ရှယ်တော့လဲ အမေရိကန်လွှတ်တော်အမတ်ကို ဒေါပွပွနဲ့ ရှယ်ကြတာ သတိထားမိတယ်။ ဒီအချိန်မှာ ဘုံရန်သူကို အဓိကထားတိုက်နေတာ၊ ဘာတွေ လာပြောနေတာလဲပေါ့။ အကူ အညီ ပေးစရာရှိတာပေး။ ကျန်တာတွေကတော့ ငါတို့ ပြည်တွင်းရေးကိစ္စ။ မင်းတို့ ဝင်မစွက်နဲ့ဆိုတဲ့ သဘော ထားတွေ တွေ့ရတယ်။ 

 ရိုဟင်ဂျာကိစ္စကြောင့် မြန်မာနိုင်ငံက နိုင်ငံတကာနဲ့ အဆက်အသွယ် လျော့နည်းသွားတယ်။ အင်မတန် အဝေ ဖန်ခံလိုက်ရတယ်။ နိုင်ငံတကာနဲ့ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ အဆက်အဆံ လျော့ပါးသွား ချိန်မှာ လူ့အခွင့်အရေးကိစ္စကို လုံး၀စိတ်မဝင်စားတဲ့ တရုတ်ပြည်နဲ့ ပိုပေါင်းမိလာတယ်။ ဒီမိုကရေစီအလေး ပေးတဲ့ နိုင်ငံတွေကို ကျောခိုင်းပြီး ပြည်တွင်းလူ့အခွင့်အရေးကိစ္စကို လုံး၀ဝင်မပါ၊ ဝင်မစွက်ဖက်တဲ့ တရုတ် ပြည်က လူနည်းစုအခွင့်အရေးတင်မကဘဲ လူများစုမြန်မာတွေရဲ့ အခွင့်အရေးကိုပါ ချိုးဖျက်ပစ်ပြီး အာဏာသိမ်း လိုက်တဲ့ စစ်အစိုးရရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေမှာလဲ ဝင်မပါပြန်ဘူး။ 

နောက်ထပ်သတိထားမိတာကတော့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ရင် မြန်မာမဟုတ်တဲ့ တခြားတိုင်းရင်းသား တွေ နိုင်ငံတကာနဲ့ ပြောဆိုဆက်ဆံမှု နည်းသွားတာကိုပဲ။ ဦးကျော်မိုးထွန်းရဲ့ အပြောအဆိုနဲ့ ဒေါက်တာဆာ ဆာရဲ့ အဖြေတွေနဲ့က ကွာနေတယ်။ ဦးကျော်မိုးထွန်းရဲ့ ဖြေကြားပုံကို နားထောင်ရရင် ရိုဟင်ဂျာမဟုတ်တဲ့ တိုင်းရင်းသားတွေအနေနဲ့လဲ တွေဝေ သွားနိုင်တယ်။ မြေပြန့်မှာ ဖြစ်နေတာတွေ ပြီးသွားရင် ရိုဟင်ဂျာလိုပဲ ငါတို့လဲ အဆက်ဆံခံရမလားဆိုတဲ့ စိတ်တွေ ဝင်လာနိုင်မလားလို့ စိတ်ပူမိတယ်။

တဖက်ကတွက်ကြည့်ရင်တော့ ဦးကျော်မိုးထွန်းက အမျိုးသားညီညွတ်ရေးအစိုးရက မလုပ်ပေးနိုင်တာတွေ ကို ခပ်လွယ်လွယ်နဲ့ ဒီအချိန်မှာ အကူအညီရလိုစိတ်တခုထဲကို ကြည့်ပြီး ဖြစ်စေရပါမယ်လို့ ကတိမပေးသွား ဘူး။ ဒီအချိန်မျိုးမှာတောင် ကိုယ့်အစိုးရအဖွဲ့က နောင်တချိန်မှာ မလုပ်ပေးနိုင်ဘူးဆိုတာကို မလုပ်ပေးနိုင် ဘူးလို့ပဲ ပျော့ပျော့ပြောင်းပြောင်း ပြန်ပြောသွားတယ်။ ဦးနေဝင်းကို မကြိုက်ပေမယ့် ဦးနေဝင်းလုပ်ခဲ့တဲ့ ၁၉၈၂ ဥပဒေကိုလဲ ပြင်ချင်ဟန်မတူဘူးဆိုတာကို နာဇီနဲ့ အနှိုင်းခံ၊ အပြောခံ၊ အဆိုခံပြီးတော့တောင် ကာကွယ်သွားခဲ့တယ်။ 

ရိုဟင်ဂျာကိစ္စက မြန်မာနဲ့ ကမ္ဘာကြားမှာ ဘယ်လိုမှ ညှိလို့မရတဲ့ ပြဿနာကြီး ဖြစ်နေတယ်။ မြန်မာပြည်မှာ အရပ်သားအစိုးရ၊ စစ်တပ်နဲ့ ပြည်သူ သဘောထားချင်းတိုက်ဆိုင်တဲ့ ရှားရှားပါးပါး ကိစ္စဖြစ်နေတော့ နိုင်ငံတ ကာရဲ့ တောင်းဆိုမှုကို အစိုးရဖက်ကရော၊ စစ်တပ်ဖက်ကရော၊ ပြည်သူဖက်ကရော ဘယ်လိုမှ သဘောတူ နိုင်စရာ မရှိဘူး။ အိမ်တွေ ဖျက်စီးခံနေရတယ်၊ ဆိုင်တွေ အလုခံနေရတယ်၊ လူတွေ မမေးမမြန်းဘဲ ကြက် ကလေး ငှက်ကလေးလို အဖမ်းခံနေရတယ်၊ ရက်ရက်စက်စက် အသတ်ခံနေရတယ် ဆိုတဲ့ အချိန်မှာတောင်  အမျိုးသားညီညွတ်ရေးအစိုးရရော၊ မြေပြန့်က မြန်မာအများစုကပါ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး ရပ်တည်ချက် တခုကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားနိုင်ကြတယ်။  

နိုင်ငံတကာအနေနဲ့ကလဲ စစ်တပ်က အာဏာသိမ်းခံရပြီး တပြည်လုံးနှိပ်စက်ခံနေရချိန်မှာတောင် ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး သဘောထား မပြောင်းလာသေးဘူးဆိုရင် စစ်တပ်ပြုတ်သွားလို့ အရပ်သားအစိုးရပြန်တက် လာချိန်မှာလဲ ဘာမှ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာမှ မဟုတ်ဘူးလို့ ဆက်မြင်လာကြမယ်။ တကယ့် political dilemma ထွက်ပေါက်ရှာမရ၊ အဖြေရှာမရတဲ့ အနေအထားတခုပါ။ ဘာသာရေး၊ လူမျိုးရေး၊ ဘာသာစကား ကို အခြေမခံတဲ့ အနောက်တိုင်း စံချိန်စံညွန်းနဲ့ အမျိုး၊ ဘာသာ၊ သာသနာကို အဓိကထားတည်ဆောက်ထား တဲ့ စည်မျဉ်းစည်းကမ်းတွေနဲ့က တခုနဲ့တခု အတော်ကို ဖီလာဖြစ်နေကြတယ်။ 

ပိုဖီလာဆန့်ကျင်ဖြစ်လေ၊ အနောက်တိုင်းစံချိန်စံညွှန်းအတိုင်းမကျင့်သုံးတဲ့ နိုင်ငံတွေနဲ့ ပိုနီးစပ်ကုန်တယ်။ သူတို့နဲ့ ပိုနီးစပ်လေ၊ စစ်အစိုး ရရဲ့ အာဏာစက်က ပိုပြင်းလာလေပဲ။ ပိုပြင်းလာတော့ လူတွေနဲ့ အရပ် သားအစိုးရဖက်က အကူအညီမဲ့လာတယ်။ ဒီမိုကရေစီ၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးအတွက် အနောက်နိုင်ငံတွေကို အကူအညီတောင်းတယ်။ အနောက်နိုင်ငံတွေကလဲ မြန်မာ တွေ မကြားချင်တဲ့ ရိုဟင်ဂျာကိစ္စကို ထည့်ထည့်ပြောတယ်။ အဲလို ထည့်ထည့်ပြောကြတော့ အနောက်နိုင်ငံတွေနဲ့ အပေါင်းအသင်း မလုပ်ချင်တော့ဘူး။ ဒါနဲ့တခါ အစ ပြန်ရောက်သွားပြန်ရော။ မြန်မာ ပြည်အပြောင်း အလဲ ဖြစ်ချင်ရင် မုန့်လုံးစက္ကူကပ်ပြီး ဂျာအေးသူ့အမေရိုက်တဲ့အနေအထားကို (အောင့်သီးအောင့်သက်နဲ့ပဲ ဖြစ်ဖြစ်) ပြင်ဖို့လို မယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required