အမေရိကန်၏ အဓိက လောင်စာဆီပိုက်လိုင်းလုပ်ငန်း ဆိုက်ဘာ တိုက်ခိုက်ခံရ

အမေရိကန်၏ အဓိက လောင်စာဆီပိုက်လိုင်းလုပ်ငန်း ဆိုက်ဘာ တိုက်ခိုက်ခံရ
Photo - AFP

မေ ၉

အမေရိကန်ရှိ အကြီးဆုံး လောင်စာဆီ ပိုက်လိုင်းလုပ်ငန်းကုမ္ပဏီကြီးသည် ဆိုက်ဘာ တိုက်ခိုက်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည့်အတွက် ယင်း၏ ကွန်ရက်တစ်ခုလုံးကို ပိတ်ချခဲ့ရကြောင်း ကုမ္ပဏီက ထုတ်ပြန်သည်။

Colonial Pipeline ကုမ္ပဏီသည် အမေရိကန် တက္ကဆက်ပင်လယ်ကွေ့ကနေ လူနေထူထပ်သော နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းဒေသသို့ မိုင် ၅,၅၀၀ (၈,၈၅၀ ကီလိုမီတာ) အရှည်ရှိ ပိုက်လိုင်းကနေတဆင့် ဓာတ်ဆီနှင့် လေယာဉ်သုံး လောင်စာဆီ တို့ကို တင်ပို့နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ကုမ္ပဏီက မေလ ၇ ရက်က ထုတ်ပြန်ခဲ့ရာတွင် ယင်းသည် ဆိုက်ဘာလုံခြုံရေး တိုက်ခိုက်မှုတစ်ခု၏ သားကောင်ဖြစ်ခဲ့ရကြောင်းနှင့် ယင်းအပေါ် ကိုင်တွယ်လုပ်ဆောင်မှုအဖြစ် ယင်း၏ စနစ်များကို ပိတ်ခဲ့ရကြောင်း ပြောခဲ့သည်။

“ဒီ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ပိုက်လိုင်း လုပ်ငန်းလည်ပတ်မှုအားလုံးကို ယာယီ ရပ်ထားခဲ့ရပါတယ်၊ ကျွန်တော်တို့ရဲ့ အိုင်တီ စနစ်တစ်ချို့လည်း ထိခိုက်ခဲ့ပါတယ်” ဟု ကုမ္ပဏီက ပြောသည်။

ဆိုက်ဘာတိုက်ခိုက်မှု၏ အခြား အသေးစိတ်အချက်အလက်များကို ယင်းက ထုတ်ဖော်ခဲ့ခြင်း မရှိပေ။

တောင်ပိုင်းပြည်နယ် ဂျော်ဂျီယာ အခြေစိုက် Colonial သည် ပမာဏအားဖြင့် အမေရိကန်တွင် အကြီးဆုံးသော ပိုက်လိုင်းလုပ်ငန်းကြီး ဖြစ်ပြီး နေ့စဉ် ဓာတ်ဆီ၊ ဒီဇယ်လောင်စာဆီ၊ လေယာဉ်ဆီနှင့် အခြား ရေနံထွက်ထုတ်ကုန်များ အပါအ၀င် စည်ပေါင်း ၂ ဒသမ ၅ သန်းကို သယ်ယူပို့ဆောင်ပေးနေသည့် လုပ်ငန်းတစ်ခု ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required