အိုလံပစ်ပွဲတော် နီးကပ်လာချိန် ဂျပန်က ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေ သက်တမ်းထပ်တိုး 

အိုလံပစ်ပွဲတော် နီးကပ်လာချိန် ဂျပန်က ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေ သက်တမ်းထပ်တိုး 

မေ ၈

တိုကျိုနဲ့ ဂျပန်နိုင်ငံ အခြားနေရာတွေမှာ ပြဋ္ဌာန်းထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်အခြေအနေကို အိုလံပစ်ပွဲတော် ကျင်းပဖို့ သုံးလတောင် မလိုတော့တဲ့အချိန်မှာပဲ သောကြာနေ့မှာ သက်တမ်းထပ်တိုးလိုက်ပါတယ်။  

ကူးစက်ဖြစ်ပွားမှု မြင့်တက်တာကြောင့် ဒေသအများစုမှာ ကန့်သတ်စည်းမျဉ်းတွေ ပြဋ္ဌာန်းပြီး အခုလို အရေးပေါ် အခြေအနေ သက်တမ်းထပ်တိုးလာတာပါ။ 

အခြားနိုင်ငံတွေက လွှမ်းခြုံလော့ဒေါင်း ချတာထက် တင်းကြပ်မှု လျော့နည်းတဲ့ ဂျပန်က အရေးပေါ် လုပ်ငန်းစဉ်တွေဟာ မေ ၁၁ ရက်မှာ သက်တမ်းကုန်မှာ ဖြစ်ပေမယ့် လကုန်အထိ သက်တမ်းထပ်တိုးမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ယိုရှီဟီဒီဆူဂါက ပြောပါတယ်။ 

“မြို့ကြီးတွေမှာ ဗိုင်းရပ်စ် ကူးစက်မှုသစ် နှုန်းထား အလွန်မြင့်တက်နေတယ်၊ အိုဆာကာနဲ့ ယိုဂိုစီရင်စုတွေက ဆေးရုံတွေလည်း ဝန်နဲ့အား မမျှ ကြုံနေရတယ်”လို့ သူက ပြောပါတယ်။ 

ဂျပန်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုဟာ နိုင်ငံတော်တော်များများထက် နည်းပါးနေဆဲ ဖြစ်ပြီး သေဆုံးသူဦးရေဟာ ၁၀၅၀၀ ဦး ရှိပါတယ်။ 

ဒါပေမဲ့ ကာကွယ်ဆေး ထိုးနှံပေးရေး လုပ်ငန်းတွေကတော့ နှေးကွေးနေပြီး အချို့ဒေသတွေမှာ ကူးစက်မှု ပိုမြန်တဲ့ ဗိုင်းရပ်စ်မျိုးကွဲကြောင့် ကူးစက်နှုန်း စံချိန်တင်နေပါတယ်။ 

လူဦးရေ ၁၂၅ သန်းရှိတဲ့ ဂျပန်နိုင်ငံအနေနဲ့ ဆေးထိုးနှံပေးရေး စင်တာတွေ များများဖွင့်ပြီး တစ်နေ့ကို လူတစ်သန်း ကာကွယ်ဆေး ထိုးနှံပေးနိုင်အောင် ကြိုးပမ်းဖော်ဆောင်သွားဖို့ ရည်မှန်းထားကြောင်း ဆူဂါက ပြောပါတယ်။ ဂျပန် အိုလံပစ်အားကစားသမားတွေကိုလည်း ဆေးထိုးနှံထားပြီး ဖြစ်တယ်လို့လည်း သူက ထပ်လောင်းပြောပါတယ်။ 

ဖူကူအိုကာနဲ့ အိချီစီရင်စုတွေကို သီတင်းနှစ်ပတ်ကြာ အရေးပေါ်လုပ်ငန်းစဉ်တွေ အောက်မှာ ထားရှိထားတဲ့ တိုကျို၊ အိုဆာကာ၊ ယိုဂိုနဲ့ ကျိုတိုဒေသတွေထဲ ထပ်ပေါင်းထည့်ခဲ့ပါတယ်။ 

အရေးပေါ်အခြေအနေ ပြဋ္ဌာန်းချက်မှာ ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ပိတ်ခိုင်းတာနဲ့ အရက်သေစာ မရောင်းခိုင်းတာအပါအဝင် စီးပွားဖြစ် လုပ်ငန်းကိုင်ငန်း ဆောင်ရွက်တာတွေကို ကန့်သတ်တာ ဖြစ်ပါတယ်။ 

အခုလို အရေးပေါ် အခြေအနေ သက်တမ်းတိုးပေမယ့်လည်း အားကစားရုံတွေမှာ ပရိသတ်တွေကို အကန့်အသတ်နဲ့ ခွင့်ပြုတာမျိုးလို စည်းမျဉ်းစည်းကမ်းအချို့ကိုတော့ မကြာမီမှာ ဖြေလျှော့ပေးသွားမှာ ဖြစ်ပါတယ်။ 

ကပ်ဘေးကြောင့် ရွှေ့ဆိုင်းထားတဲ့ ၂၀၂၀ အိုလံပစ်ပွဲတော်ကို ဇူလိုင် ၂၃ ရက်မှာ ဖွင့်လှစ်မှာ ဖြစ်ပြီး ဂျပန်အစိုးရနဲ့ အိုလံပစ် တာဝန်ရှိသူတွေကတော့ ဘေးကင်းစွာ ကျင်းပနိုင်မှာ ဖြစ်တယ်လို့ အခိုင်အမာ ဆိုကြပါတယ်။ ဒါပေမယ့် မဲစစ်တမ်းတွေအရတော့ ဂျပန်ပြည်သူ အများစုဟာ အိုလံပစ်ပွဲတော်ကို ပယ်ဖျက်တာ ဒါမှမဟုတ် ရွှေ့ဆိုင်းတာကို ပိုပြီး ထောက်ခံကြကြောင်း သိရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly