ဂျေရုဆလင်က ဗလီမှာ အစ္စရေးရဲနဲ့ ပါလက်စတိုင်းတို့ ထိပ်တိုက်တွေ့ပြီး လူ ၁၆၀ ကျော် ဒဏ်ရာရ 

ဂျေရုဆလင်က ဗလီမှာ အစ္စရေးရဲနဲ့ ပါလက်စတိုင်းတို့ ထိပ်တိုက်တွေ့ပြီး လူ ၁၆၀ ကျော် ဒဏ်ရာရ 
Photo - AFP

မေ ၈ ၊၂၀၂၁

ဂျေရုဆလင်ရှိ Al-Aqsa ဗလီဝင်းမှာ သောကြာနေ့နှောင်းပိုင်းက အစ္စရေး အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပါလက်စတိုင်း ရာပေါင်းများစွာ ထိပ်တိုက်တွေ့မှု ဖြစ်ပွားတာကြောင့် Holy City နဲ့ သိမ်းပိုက်ခံ အနောက်ဖက်ကမ်းမှာ ဆူပူအကြမ်းဖက်မှု သီတင်းပတ် ဖြစ်လာခဲ့ပါတယ်။ 

အစ္စလာမ်အတွက် တတိယမြောက် အမြင့်မြတ်ဆုံး အဲဒီ ဗလီက ထိပ်တိုက်တွေ့မှုမှာ ပါလက်စတိုင်းတွေက ကျောက်တုံးကျောက်ခဲတွေ၊ ပုလင်းတွေနဲ့ မီးရှူးမီးပန်းတွေနဲ့ ပစ်ပေါက်ကြသလို အစ္စရေးရဲတွေကလည်း ရော်ဘာကျည်တွေ၊ အသံဗုံးတွေနဲ့ ပစ်ခတ်ပါတယ်။ 

ဖြစ်ပွားရာ အရပ်ဟာ သမ္မာကျမ်းလာ ဘုရားကျောင်းနှစ်ကျောင်း တည်ရှိတာကြောင့် ဂျူးတွေရဲ့ အထွဋ်အမြတ်ထားရာလည်း ဖြစ်ပါတယ်။ 

ဗလီနဲ့ အရှေ့ဂျေရုဆလင်က နေရာအချို့မှာ အနည်းဆုံး ပါလက်စတိုင်း ၁၆၃ ဦးနဲ့ အစ္စရေးရဲ ခြောက်ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ အရေးပေါ်အခန်းတွေ ပြည့်နေတာကြောင့် မြေလွတ်မှာ ဆေးရုံအဖြစ် ဖွင့်လှစ်ထားကြောင်း ပါလက်စတိုင်း ကြက်ခြေနီအသင်းက ဆိုပါတယ်။ 

ညနေပိုင်း ဝတ်ပြုအပြီးမှာ ပါလက်စတိုင်း ဝတ်ပြုသူ ထောင်ပေါင်းများစွာက အဓိကရုဏ်းတွေ လုပ်ဆောင်လာတာကြောင့် လုံခြုံရေးတပ်တွေဟာ ငြိမ်သက်အောင် ထိန်းသိမ်းခဲ့ရတာ ဖြစ်ကြောင်း အစ္စရေးရဲတပ်ဖွဲ့က ပြောပါတယ်။ 

မွတ်စလင် ရာမာဇန်ဥပုသ်လအတွင်း ဂျေရုစလင်မြို့ဟောင်းက နေရာတွေဆီ ဝင်ရောက်ခွင့်ကို အစ္စရေး ကန့်သတ်ချက်တွေအပေါ် ပါလက်စတိုင်းတွေက ကန့်ကွက်ဆန္ဒပြတာနဲ့ အစ္စရေး အခြေစိုက်အိမ်ရာတွေ တည်ဆောက်ဖို့ ပါလက်စတိုင်း မိသားစုအချို့ကို နေအိမ်က ထွက်ခွာရန် အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ပြီးနောက် မကြာသေးတဲ့ သီတင်းပတ်တွေအတွင်း ဂျေရုဆလင်မှာ တင်းမာမှုတွေ အရှိန်မြင့်တက်နေတာပါ။ 

တင်းမာမှုတွေ လျှော့ချဖို့ အမေရိကန်က တိုက်တွန်းပြီး ခြိမ်းခြောက်နှင်ထုတ်မှုတွေဟာ အရှေ့ဂျေရုဆလင်မှာ အခြေအနေတွေ ပိုဆိုးဝါးစေလိမ့်မယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂကလည်း အတင်းအကျပ် နှင်ထုတ်တာတွေဟာ ‘စစ်ရာဇဝတ်မှု’ အရာမြောက်နိုင်တယ်လို့ သတိပေးပါတယ်။ 

အခု သောကြာနေ့ ထိပ်တိုက်တွေ့မှုတွေဟာ အစ္စရေးရဲ့ ရန်ဖက်ဖြစ်တဲ့ အီရန်က ပြုလုပ်ခဲ့တဲ့ ပါလက်စတိုင်း ထောက်ခံတဲ့ Al-Quds နေ့ နှစ်ပတ်လည်မှာ ဖြစ်ပွားပေါ်ပေါက်လာခဲ့တာပါ။ အဲဒီနေ့အချိန်က ဒေသတွင်းက မွတ်စလင်အများစု နိုင်ငံတွေတင်မက ပါကစ္စတန်မှာပါ များစွာသော လူစုရုံးချီတက်မှုတွေ ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly