တရုတ်၏ ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်း

By Thehill.com
08 May 2021
တရုတ်၏ ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်း
Photo: EPA

၁၇၉၇ မှ ၁၈၀၁ ခုနှစ်အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ့သော အမေရိကန်နိုင်ငံပြုသုခမိန် ဂျွန်အဒမ်စ်က “တိုင်းပြည်ကို သိမ်းပိုက်ဖို့နဲ့ ကျွန်ပြုဖို့ နည်းလမ်းနှစ်မျိုးရှိပါတယ်။ တစ်ခုက ဓားနဲ့ နောက်တစ်ခုက အကြွေးနဲ့ပါ " ဟု ကျော်ကြားလှသော စကားကို ပြောကြားခဲ့ဖူးသည်။

ဒုတိယလမ်းကြောင်းကို တရုတ်က ရွေးချယ်ထားပြီး ကိုလိုနီခေတ်အလေ့အထကိုလက်ခံခဲ့ပြီး ကမ္ဘာ့အကြီးဆုံး တရားဝင်မြီရှင်အဖြစ် လျင်မြန်စွာပေါ်ထွက်လာခဲ့သည်။

တရုတ်၏ အပြည်ပြည်ဆိုင်ရာချေးငွေများသည် ကမ္ဘာ့ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းထက်ကျော်လွန်ခဲ့ပြီး၊ အစဉ်အလာ ချေးငွေပေးသူများဖြစ်သော ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) ၏ ကြွေးရှင်နိုင်ငံများထက် တရုတ်က ကျော်သွားခဲ့ပြီဖြစ် သည်။

ဘဏ္ဍာရေးအရ ထိခိုက်လွယ်သော နိုင်ငံများကို များပြားလှသော ချေးငွေများပေးပြီး ချည်နှောင်ကာ ယင်းတို့အပေါ် သြဇာတိုးမြှင့်ရုံမက အချို့သော အချုပ်အခြာအာဏာကို ယိုယွင်းစေသော ကြွေးမီထောင်ချောက် ကျော့ကွင်းများ မိစေခဲ့သည်။

တရုတ်ကြွေးမြီထောင်ချောက်သံတမန်ရေး၏ သားကောင်ဖြစ်သော နောက်ဆုံးနိုင်ငံမှာ လာအိုဖြစ်ပြီး မကြာသေးမီက အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ်ဓာတ်အားတင်ပို့ခြင်းအပါအဝင် ယင်း၏ အမျိုးသား ဓာတ်အား လိုင်းကို ထိန်းချုပ်ခွင့်ကိုပါ ပေးထားသော ၂၅ နှစ် သဘောတူညီချက်ကို တရုတ်အစိုးရပိုင် ကုမ္ပဏီတစ်ခုနှင့် လက်မှတ်ရေးထိုးခဲ့သည်။

ယင်းအချက်က တရုတ်နိုင်ငံတွင် အစပြုသော COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာအနှံ့အပြားတွင် အကြီးအကျယ်ထိခိုက်ပျက်စီးစေသကဲ့သို့ပင် တရုတ်အစိုးရသည် နိုင်ငံရပ်ခြားတွင် ယင်း၏ စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးတည်ရှိမှုကိုချဲ့ထွင်ရန်အတွက် ယင်း၏ မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကြွေးမှီကို လက်နက်အနေဖြင့် ဆက်လက်အသုံးချနေခဲ့သည်။

ချေးငွေအသစ်များသည်ကြွေးမြီအကျပ်အတည်းကို ဖြစ်စေနိုင်ခြင်းရှိမရှိအပါအဝင် ငွေချေးသူနိုင်ငံ၏ အကြွေးဆပ်နိုင်မှုကို ပထမဦးဆုံးအကဲမဖြတ်ဘဲ တရုတ်က ချေးငွေများချေးငှားနေခဲ့သည်။

ငွေချေးသူအတွက် အကြွေးဝန်ထုတ်ဝန်ပိုးဖြစ်လာသည်နှင့်အမျှ တရုတ်၏ သြဇာလည်း တက်လာလေဖြစ်သည်။

အပြည်ပြည်ဆိုင်ရာလေ့လာမှုအသစ်အရ နိုင်ငံပေါင်း ၂၄ နိုင်ငံနှင့် ချေးငွေကန်ထရိုက်ပေါင်း ၁၀ဝ ကို ဆန်းစစ်လေ့လာသောအခါ တရုတ်၏ အင်နှင့်အားနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုဆိုင်ရာ ချေးငွေများကို ပိုးလမ်းမသစ်စီမံကိန်းအတွက် ချေးငွေပေးခြင်းဖြစ်ကြောင်းတွေ့ရှိခဲ့ရပြီး ယင်းစီမံကိန်းမှာ ဒဏ္ဍာရီဆန်သော အလယ်မင်းနေပြည်တော်၏ အင်ယာပါစီမံကိန်းကို လက်တွေ့အကောင်ထည် ဖော်ရန်ကြိုးပမ်းခြင်းဖြစ်သည်။

လေ့လာမှုအရ ယင်းသဘောတူညီချက်များသည် နိုင်ငံတကာချေးငွေစာချုပ်များထက် ကျော်လွန်သော ပြဋ္ဌာန်းချက်များကို ထည့်သွင်းခြင်းအားဖြင့် တရုတ်ကိုသြဇာသက်ရောက်စေခဲ့သည်။

စင်စစ်အားဖြင့် ယင်းအချက်သည် ချေးငွေယူသော နိုင်ငံများ၏ သဘောထားကို ကန့်သတ်ထားသည့် တရုတ်၏ အာဏာရှင်ဆန်သော စာချုပ်များ၏သဘောသဘာဝပင်ဖြစ်ပြီး၊ ယင်းက တရုတ်အစိုးရပိုင်ဘဏ်များကို ချေးငွေများဖျက်သိမ်းနိုင်ခွင့် သို့မဟုတ် စာချုပ်မတိုင်မီ ငွေများကို အပြည့်အဝပြန်တောင်ခံခွင့်အပါအဝင် အကန့်အသတ်မရှိသော ဆုံးဖြတ်ခွင့်များကို ပေးထားကြောင်း လေ့လာမှုက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly