အိန္ဒိယ၏ ကိုဗစ်-၁၉ အခက်အခဲကို လှောင်ပြောင်ခဲ့ခြင်းအပေါ် တရုတ်နိုင်ငံသားများက အစိုးရကို ပြစ်တင်

အိန္ဒိယ၏ ကိုဗစ်-၁၉ အခက်အခဲကို လှောင်ပြောင်ခဲ့ခြင်းအပေါ် တရုတ်နိုင်ငံသားများက အစိုးရကို ပြစ်တင်
Photo: EPA

အိန္ဒိယနိုင်ငံ၏ ကိုဗစ်-၁၉ အကြပ်အတည်းကို လှောင်ပြောင်သည့် တရုတ်ကွန်မြူနစ်ပါတီ (CCP)၏ လူမှုမီဒီယာတွင် ရေးသားခဲ့သော အရေးအသားသည် အမျိုးသားရေးဝါဒကိုနှိုးဆွရန် တရုတ်၏ ညံ့ဖျင်းသောကြိုးပမ်းမှု အဖြစ် ၎င်းတို့ နိုင်ငံသားများက ထိတ်လန့် ဒေါသထွက်စေခဲ့ကာ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်စေခဲ့သည်။

အိန္ဒိယနိုင်ငံ၏ လက်ရှိ ကိုဗစ်-၁၉ အခြေအနေကို လှောင်ပြောင်သောအကောင့်သည် တရုတ်နိုင်ငံရေးနှင့် ဥပဒေရေးရာ ဗဟိုကော်မရှင်နှင့် ဆက်စပ်နေသည်။ အဆိုပါ ကော်မရှင်သည် အာဏာရ ကွန်မြူနစ်ပါတီ၏ အင်အားကြီး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တိုင်းပြည်၏ တရားရုံးများနှင့် ဥပဒေစိုးမိုးရေး အဖွဲ့များကိုကြီးကြပ် ကွပ်ကဲရသည်။

ကာကွယ်ရေး ဝတ်စုံ ဝတ်ဆင်ထားသူများက အိန္ဒိယနိုင်ငံ၌ ညအခါ မီးသင်္ဂြိုလ်စင် မီးလောင်နေသည်ကို ကြည့်နေသည့် ပုံနှင့်အတူ တရုတ်၏ Long March-5B ဂြိုဟ်တုလွှတ် ရောကတ်ပေါက်ကွဲသည့် ဓာတ်ပုံတို့အား တရုတ်ဘလော့တစ်ခုဖြစ်သော Weiboပေါ်တွင်တင်ခဲ့သည်။

“တရုတ်ပြည်က ထွန်းညှိသည့် မီးနှင့် အိန္ဒိယက ထွန်းညှိသည့် မီး ” ဟု ပုံအညွှန်း စာရေးထိုးထားပြီး အိန္ဒိယတွင် ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းသည် တစ်နေ့လျှင် ၄၀ဝ,ဝဝဝ ကျော်မြင့်တက်ခဲ့သည်ဟု ရေးသားထားသည်။ ယင်းဓာတ်ပုံကို တရုတ်အစိုးရ၏ အကောင့်အများအပြားက မျှဝေခဲ့ကြသည်။

တရုတ်ဆိုရှယ်မီဒီယာသုံးစွဲသူများက ယင်းဓာတ်ပုံများကြောင့်တုန်လှုပ်ခဲ့ရသည်။ "ဒါကို အစိုးရ အကောင့်တစ်ခုက တင်ခဲ့တယ်ဆိုတာ မယုံနိုင်စရာပါဘဲ။ အမျိုးသားဂုဏ်သိက္ခာအတွက် တခြားသူတွေရဲ့ ဆင်းရဲဒုက္ခကို ဘာအတွက် အသုံးပြုဖို့လိုနေလို့လဲ” ဟု လူကြိုက်များသည့် မှတ်ချက်တစ်ခုက ဖော်ပြခဲ့သည်။

“ဒါကို ဆင်ဆာက ဘယ်လိုအတည်ပြုခဲ့တာလဲ။ ဒါဟာ လူတွေရဲ့ အသက်ကို လုံးဝမထီမဲ့မြင်ပြုလိုက်တာပါပဲ "ဟု အခြားအသုံးပြု သူတစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသားရေးဝါဒရှုထောင့်မှရေးသားသဖြင့် လူသိများသော အစိုးရပိုင် Global Times သတင်းစာ၏ အယ်ဒီတာချုပ်ဖြစ်သူ ဟူရှီကျင်းကပင် ဝေဖန်ရေးသားထားသည်။

"အချို့သောတရုတ်အာဏာပိုင်အဖွဲ့အစည်းများ သို့မဟုတ် အခြားသြဇာရှိသော အင်အားစုများ၏ ဆိုရှယ်မီဒီယာအကောင့်များက လက်ရှိအိန္ဒိယကို လှောင်ပြောင်ခြင်းသည် သင့်လျော်သည်ဟုမထင်ပါ" ဟု သူက ပြောကြားခဲ့သည်။

CNN မှဖော်ပြချက်အရ အဆိုပါ အကြောင်းအရာအား အွန်လိုင်းတွင် ကန့်ကွက်မှုများကြောင့် Weiboမှ နောက်ပိုင်းတွင် ဖယ်ရှားခံခဲ့သည်။ ဧပြီလ ၃၀ရက်က တရုတ်သမ္မတရှီကျင့်ဖင်က အိန္ဒိဝန်ကြီးချုပ်မိုဒီ ထံသို့ သတင်းစကားပေးပို့ပြီး ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန်ကမ်းလှမ်းခဲ့ပြီးနောက် အဆိုပါ ပို့စ်ကို ဖယ်ရှားခဲ့ခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly