အာဖဂန်နစ္စတန်မှ အမေရိကန်တပ်တွေ ရုပ်သိမ်းနေ 

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်တွေ ရုပ်သိမ်းနေ 
Photo - AFP

မေ ၇

အမေရိကန်နိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံကနေ တပ်တွေ ရုပ်သိမ်းနေရာမှာ စက်တင်ဘာ နောက်ဆုံး သတ်မှတ်ရက် မတိုင်ခင် လက်ရှိအထိ ပစ္စည်းပစ္စယတွေ ကုန်တင်လေယာဉ်အစင်း ၆၀ စာနဲ့အတူ ၂ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းကြား ရုပ်သိမ်းထားပြီးကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

တပ်တွေ ရုပ်သိမ်းမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင် ကြေညာပြီးချိန်ကစပြီး စစ်ပစ္စည်း အစိတ်အပိုင်း ၁၃၀၀ ကိုလည်း ဖျက်ဆီးပစ်ဖို့ ပေးဖို့ထားပြီး တောင်ပိုင်း ဟဲလ်မန့်ပြည်နယ်က အဆောက်အအုံကိုလည်း အာဖဂန်စစ်တပ်ဆီ လွှဲအပ်ပေးခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ကွပ်ကဲရေးရုံးက ပြောပါတယ်။ 

အမေရိကန်စစ်တပ်အနေနဲ့ တပ်အင်အားနဲ့ စစ်ပစ္စည်းတွေ ဘယ်ရွှေ့ဘယ်မျှ ရုပ်သိမ်းတယ်ဆိုတာနဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ အဆောက်အအုံတွေကို အာဖဂန်လုံခြုံရေးတပ်ဆီ လွှဲပြောင်းပေးအပ်တာ အပါအဝင် အာဖဂန်က တပ်တွေ ရုပ်သိမ်းတာနဲ့ ပတ်သက်ပြီး အပတ်စဉ် အများပြည်သူထံ ထုတ်ပြန်ပေးနေပါတယ်။ 

အာဖဂန်စစ်တပ်အနေနဲ့ကတော့ မကြာသေးတဲ့ ရက်တွေအတွင်း ဟဲလ်မန့်ပြည်နယ်မှာ ပုန်ကန်တိုက်ခိုက်မှုတွေနဲ့ တိုးလို့ ရင်ဆိုင်နေရပါတယ်။ မေ ၁ ရက်က စတင်တဲ့ တပ်ရုပ်သိမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဟဲလ်မန့်ပြည်နယ်မှာ Antonik အခြေစိုက်စခန်းကို အမေရိကန်ဟာ အာဖဂန်စစ်တပ်ထံ တနင်္ဂနွေနေ့ လွှဲပြောင်းပေးအပ်ထားတာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံး ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အမေရိကန်ဟာ လျှော့ချပြောဆိုပြီး အာဖဂန်နိုင်ငံအတွင်းက နောက်ဆုံး တပ်အင်အား ၂၅၀၀ ကို ရုပ်သိမ်းမှာအတွက်တော့ သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့လည်း ပြောဆိုပါတယ်။ 

တပ်တွေ ရုပ်သိမ်းပြီးရင် အာဖဂန်အစိုးရဟာ တာလီဘန်တွေကို အရေးနိမ့်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေတော့ အမေရိကန်စစ်ခေါင်းဆောင်တွေကြားမှာ မြင့်တက်နေပါတယ်။ ပုန်ကန်တိုက်ခိုက်သူတွေဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကထက်စာရင် လက်ရှိမှာ အာဖဂန်ရဲ့ နယ်မြေတွေကို ပိုပြီး ထိန်းချုပ်ထားတယ်လို့လည်း ၎င်းတို့က ပြောကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required