တရုတ်ခေါင်းဆောင်များက ရှင်ကျန်းမူဝါဒများအား ရှင်းလင်းချက်ပေးမှု ညံ့ဖျင်းပြီး အညှာတာမဲ့စွာ အကောင်အထည်ဖော်နေကြောင်း ကျွမ်းကျင်ပညာရှင်များ စွပ်စွဲ

တရုတ်ခေါင်းဆောင်များက ရှင်ကျန်းမူဝါဒများအား ရှင်းလင်းချက်ပေးမှု ညံ့ဖျင်းပြီး အညှာတာမဲ့စွာ အကောင်အထည်ဖော်နေကြောင်း ကျွမ်းကျင်ပညာရှင်များ စွပ်စွဲ

ပေကျင်း

တရုတ်အစိုးရက ရှင်ကျန်းဒေသရှိ ဝီဂါမွတ်ဆလင်များအပေါ် ရက်စက်စွာ ဆက်ဆံမှုများနှင့် ပတ်သက်၍ နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုများ လုပ်ဆောင်လျှက်ရှိသလို ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်ခေါင်းဆောင်များ က အနောက်အုပ်စုနှင့် စကားစစ်ထိုးကာ မူဝါဒများကို ညံ့ဖျင်းစွာ ရှင်းပြခြင်းနှင့် ညှာတာမှု ကင်းမဲ့စွာ အကောင်အထည်ဖော်နေကြောင်းလည်း ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။

ချန်ကန်ကျိုးအား တရုတ်ကွန်မြူနစ်ပါတီ (CC) ၏ အကြီးအကဲအဖြစ် ခန့်အပ်ပြီးနောက် ဒေသတွင်း လုံခြုံရေးကို တိုးချဲ့လုပ်ဆောင်ခဲ့ရာတွင် အကျဉ်းထောင်များ ကွန်ရက်ဖြန့် တည်ဆောက်ခြင်း၊ တင်းကြပ်သည့် စုံစမ်း ထောက်လှမ်းမှုများလုပ်ဆောင်ခြင်း၊ နိုင်ငံရေးအယူဝါဒများအတင်း အဓမ္မသွတ်သွင်းခြင်းတို့ ပါဝင်ခဲ့ကြောင်း South China Morning Post (SCMP) တွင် အမ်ဘာဝမ်းက ရေးသားခဲ့သည်။

“ကျွန်တော်တို့ရဲ့ မူဝါဒအချို့ကို အကောင်အထည်ဖော်ရာမှာ နယ်မြေအဆင့်အတွက် အလွန်အကျွံလုပ်ဆောင်ခဲ့တာတွေ ရှိတယ်။ ဥပမာအားဖြင့် လူမှုဘဝတည်ငြိမ်စေဖို့ လုပ်ဆောင်ချက်တွေမှာ လိုအပ်ချက်များစွာ ရှိခဲ့တယ်” ဟု ပေကျင်းမြို့မှ ပညာရှင်များအဖွဲ့အစည်းတစ်ခုဖြစ်သည့် Chinese Academy of Social Sciences ၏ Chinese Borderland History and Geography သုတေသနဌာန၏ ညွှန်ကြားရေးမှူးဟောင်း လီရှန်းက ပြောသည်။

“အကြီးမားဆုံး ပြဿနာကတော့ ပွင့်လင်းမြင်သာမှုနဲ့ ရိုးရှင်းမှု နည်းပါးခြင်း၊ (မူဝါဒများကို အကောင်အထည်ဖော်ရာမှ) ကြမ်းတမ်းငဲ့ညှာမှု ကင်းခြင်းတို့ဖြစ်ပါတယ်” ဟု ရှင်ကျန်းအရေးအား နှစ် ၂၀ နီးပါး လေ့လာခဲ့သူ ယင်က ပြောသည်။

သတင်းအမှောင်ချခြင်းဖြင့် တည်ငြိမ် ညီညွတ်ရေး ရရှိရန် တရုတ်အစိုးရက ရည်မှန်းခဲ့သော်လည်း အပေါ်စီးမှ ထိန်းချုပ်ခြင်းနှင့် ဖုံးကွယ်ထားခြင်းများသည် နားလည်မှု လွဲမှားခြင်းကို ဖြစ်စေခဲ့သည့်အပြင် မုန်းတီးတိုက်ခိုက်မှုများ ဖြစ်စေသည်။ လွတ်လပ်၍ အမှီအခိုကင်းသော သုတေသန ပညာရှင်များအတွက်လည်း ဖြစ်ရပ်မှန်ကို သိနားလည်ရန် ကြိုးပမ်းမှုကိုလည်း ငြင်းဆိုခံခဲ့ရသည်။

ရှင်ကျန်းပြဿနာနှင့် ပတ်သက်၍ တရုတ်အစိုးရအပေါ် ဖိအားများ မြင့်တက်နေသော်လည်း ၎င်းတို့အနေဖြင့် ဝီဂါမွတ်ဆလင်များအပေါ် ကိုင်တွယ်နေသည့် မူဝါဒများအား တရားဝင်ဖြစ်စေရန် လုပ်ဆောင်လျှက်ရှိသည်။

စွပ်စွဲချက်များကို တုံ့ပြန်ရန် တရုတ်အစိုးရက ရှင်ကျန်းဒေသသို့ မီဒီယာခရီးစဉ်များ စီစဉ်ပေးခဲ့သော်လည်း အာဏာပိုင်များက တားမြစ်ဟန့်တားခြင်း၊ ရဲများက လိုက်ပါစောင့်ကြည့်ခြင်းတို့ ကြုံတွေ့ရကြောင်း ယင်းဒေသသို့ သွားခွင့်ရခဲ့သည့် သတင်းသမားများက ပြောကြားသည်။

ရှင်ကျန်းဒေသတွင် လူအခွင့်အရေး ဖောက်ဖျက်ကြောင်း စွပ်စွဲမှုဖြင့် အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က တရုတ်အစိုးရကို စုပေါင်း၍ ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။

တရုတ်အစိုးရက ရှင်ကျန်းဒေသတွင် ‘လူမျိုးတုန်း သတ်ဖြတ်မှုများ’ ကျူးလွန်နေကြောင်း ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်နိုင်ငံက ယခုနှစ်အစောပိုင်းတွင် ပထမဆုံးကြေညာခဲ့ပြီး ဖေဖော်ဝါရီလတွင်း ကနေဒါနှင့် ဒတ်ချ်ပါလီမန်များ၊ ဧပြီလအတွင်း ဗြိတိန်နိုင်ငံတို့ကလည်း ကြေညာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly