ဘရာဇီးမှာ ဆင်းရဲသားရပ်ကွက်အတွင်း ရဲတပ်ဖွဲ့ မူးယစ်စစ်ဆင်ရေးမှာ လူ ၂၅ ဦး သေဆုံး 

ဘရာဇီးမှာ ဆင်းရဲသားရပ်ကွက်အတွင်း ရဲတပ်ဖွဲ့ မူးယစ်စစ်ဆင်ရေးမှာ လူ ၂၅ ဦး သေဆုံး 
Photo - AFP

မေ ၇

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တော် ဝန်းကျင်က ဆင်းရဲသားရပ်ကွက်မှာ မူးယစ်ဆေးဝါးကုန်သည်တွေကို ကြာသပတေးနေ့မှာ ရဲက အကြီးစား စစ်ဆင်ရေး ဆင်နွှဲရာမှာ လူ ၂၅ ဦး သေဆုံးခဲ့ပါတယ်။ 

မြို့မြောက်ပိုင်းက ဂျာကာရီဇင်ဟိုဆင်းရဲသားရပ်ကွက်ထဲ ရဲတပ်ဖွဲ့ရဲ့ ခုလို အကြီးစား စစ်ဆင်မှုကြောင့် တိုက်ပွဲမြေလို ဖြစ်ခဲ့ရပြီး လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဝေဖန်ရှုတ်ချမှုတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ 

ပေါက်ကွဲသံတွေ၊ သေနတ်ပစ်သံတွေနဲ့ ရဟတ်ယာဉ် ပျံသန်းသံတွေနဲ့အတူ ရပ်ကွက်နေပြည်သူတွေ နိုးထခဲ့ရတဲ့ အခု နံနက်အစောပိုင်း စီးနင်းမှုအတွင်း သေဆုံးသူတွေထဲ ရဲတစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။  

သေဆုံးသူ ဦးရေကို ရဲက အတည်ပြုပြီး ရီယိုဒီဂျနေးရိုးပြည်နယ် သမိုင်းမှာ သေဆုံးမှုအများဆုံး စစ်ဆင်ရေးအဖြစ် စုံစမ်းထောက်လှမ်းသူတွေက ပြောပါတယ်။ 

သေဆုံးသူ ၂၄ ဦးဟာ သံသယရှိသူတွေအဖြစ်ရဲတပ်ဖွဲ့က သတ်မှတ်ထားပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အားလုံး ဆောင်ရွက်ပြီးမှာ ပစ်ခတ်မှုတွေ လုပ်ခဲ့ရတာပဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး အုပ်စုတွေနဲ့ ပညာတတ်တွေကတော့ ဒီ စစ်ဆင်ရေးဟာ ဆိုးရွားရိုင်းစိုင်းတယ်လို့ ပြောဆိုပါတယ်။ 

“သေသွားသူတွေက ဘယ်သူတွေလဲ၊ လူငယ်လူမည်းတွေပါ၊ ရဲက ဒီ သံသယရှိသူ ၂၄ ဆိုပြီးပဲ ဘာကြောင့် ပြောနေရတာလဲ၊ လူငယ်လူမည်း ဖြစ်ရတာ ရဲတွေအတွက်တော့ အလိုလို သံသယ အထားခံရတာပဲ၊ ရဲတွေဟာ အလောင်းတွေ စုပုံပြီး ‘သူတို့ဟာ ရာဇဝတ်သားတွေ’ပဲလို့ပဲ ပြောပြောနေတော့တာ ဖြစ်တယ်”လို့ ကန်ဒီဒိုမန်ဒက်စ်တက္ကသိုလ်က လုံခြံရေးဆိုင်ရာ စောင့်ကြည့်ရေးအကြီးအကဲ အမျိုးသမီး ဆဲလ်ဗီယာရာမို့စ်က ပြောပါတယ်။ 

“ဒါမျိုးဟာ ကျွန်မတို့ လိုချင်တဲ့ အများပြည်သူလုံခြုံရေး မူဝါဒတဲ့လား၊ ပစ်ခတ်တယ်၊ သတ်ဖြတ်တယ်၊ ရဲတွေ လူအစုလိုက် သတ်တာတွေကလေ”ဆိုပြီး သူက အေအက်ဖ်ပီကို ပြောပါတယ်။ 

စီးနင်းမှုမှာ လူသေဆုံးမှုတွေ ရှိနေတဲ့ကြား ကြောက်လန့်နေတဲ့ ဒေသခံတွေဟာ အလုပ်ဆီကို မဝံ့မရဲနဲ့ လမ်းကြောင်းပြောင်း သွားကြရပြီး လက်နက်ပြည့် ရဲအုပ်စုလိုက်တွေဟာ တန်းစီလှည့်လည်နေတာကို မြင်တွေ့ရကြောင်း အေအက်ဖ်ပီ သတင်းထောက်က ပြောပါတယ်။ 

ပလက်ဖောင်းပေါ် သွေးအိုင်ထဲ လဲနေတဲ့ အလောင်းတွေကို မြင်တွေ့ရပြီး ရုပ်အလောင်း တော်တော်များများကို ရဲသံချပ်ကာယာဉ်တစ်စင်းထဲနဲ့ သယ်ဆောင်သွားကြောင်း ဒေသအဖွဲ့အစည်း အကြီးအကဲက လုံခြုံရေးအကြောင်းပြချက်နဲ့ အမည်မဖော်ဘဲ အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly