ဆန္ဒပြမှုတွေ ဖြစ်နေတဲ့ ကိုလံဘီယာမှာ ပိုလွန်အင်အား သုံးခြင်းကို နိုင်ငံတကာက ဝေဖန်ရှုတ်ချ 

ဆန္ဒပြမှုတွေ ဖြစ်နေတဲ့ ကိုလံဘီယာမှာ ပိုလွန်အင်အား သုံးခြင်းကို နိုင်ငံတကာက ဝေဖန်ရှုတ်ချ 
Photo - AFP

မေ ၅

ကိုလံဘီယာနိုင်ငံမှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြ ရက်တွေအတွင်း သေဆုံးသူ တော်တော်များများ ရှိခဲ့ပြီးနောက်မှာ လုံခြုံရေးတပ်တွေဟာ ပိုလွန်အင်အား အသုံးပြုတယ်လို့ ကုလသမဂ္ဂက ရည်ညွှန်းပြောဆိုတာနဲ့အတူ နိုင်ငံတကာအသိုင်းအဝန်းဟာ အင်္ဂါနေ့မှာ ဝေဖန်ရှုတ်ချကြပါတယ်။ 

လုံခြုံရေးတပ်တွေနဲ့ ထိပ်တိုက်တွေ့မှုတွေအတွင်း လူ ၁၉ ဦး သေဆုံးပြီး ၈၄၆ ဦး ထိခိုက်ဒဏ်ရာရကြောင်း တရားဝင်အချက်အလက်တွေက ပြသလာပြီးနောက်မှာ အမေရိကန်၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အခွင့်အရေးအဖွဲ့အစည်းတွေက ဝေဖန်ပြစ်တင်မှုတွေ လုပ်လာခဲ့တာပါ။ 

ပျောက်ဆုံးနေသူ ၈၉ ဦးရှိတယ်လို့ အစိုးရထံက အမှီအခိုကင်းတဲ့ နိုင်ငံတော်ဌာနတစ်ရပ်ဖြစ်တဲ့ ကိုလံဘီယာ လူ့အခွင့်အရေးဆိုင်ရာ အစိုးရဌာနများအား တိုင်ကြားနိုင်သော ရုံးက ထုတ်ပြန်ပါတယ်။ 

အဆိုပြု အခွန်ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ စတင်ဖြစ်ပွားပေါ်ပေါက်တဲ့ ဆန္ဒပြမှုတွေအတွင်း လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။ သမ္မတ အီဗန်ဒူကွေး အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဟာ ကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂါနေ့မှာ ဆိုရင် မြို့တော် ဘိုဂိုတာနဲ့ နိုင်ငံအနောက်ပိုင်း ကာလီမြို့တွေမှာ ဆန္ဒပြပွဲသစ်တွေ ဖြစ်ပွားပေါ်ပေါက်လာတာနဲ့ တစ်ချိန်တည်းမှာ နိုင်ငံရဲ့ အချို့အစိတ်အပိုင်းတွေမှာ ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ကြပါတယ်။  

ကိုလံဘီယာရဲ့ တတိယအကြီးဆုံးမြို့ဖြစ်ပြီး ဖြစ်ပွားတဲ့ မငြိမ်သက်မှုတွေမှာ အဆိုးဆုံးဖြစ်တဲ့ ကာလီမြို့မှာ အစိုးရအမိန့်အရ သောကြာနေ့ နှောင်းပိုင်းကစပြီး လမ်းတွေပေါ် စစ်သားတွေ ကင်းလှည့်နေပါတယ်။ 

ကာကွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတစ်လွှားမှာ ယူနီဖောင်းဝတ်စစ်သား ၄၇၅၀၀ တပ်ဖြန့်ထားပါတယ်။ ကာလီမြို့တစ်မြို့တည်းမှာ စစ်သား ၇၀၀ နဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲဝန်ထမ်း ၅၀၀ ချထားသလို အခြားရဲအင်အား ၁၈၀၀ နဲ့ ရဟတ်ယာဉ်တွေပါ စစ်ဆင်ရေးမှာ ထည့်သွင်းထားပါတယ်။ 

ဆန္ဒပြသူတွေကို ရဲက ပစ်ခတ်လို့ သေဆုံး၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်ဆိုတဲ့ ကာလီမြို့က ပြီးခဲ့တဲ့ ညက အဖြစ်အပျက်အတွက် ‘အကြီးအကျယ် တုန်လှုပ်ရကြောင်း’ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက အင်္ဂါနေ့မှာ ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly