တရုတ်နိုင်ငံ ကျန်ဒေါင်းဆိပ်ကမ်းအနီး ပင်လယ်ဝါအတွင်း သင်္ဘော ၂ စင်း တိုက်မိပြီး ရေနံများ ယိုဖိတ်

တရုတ်နိုင်ငံ ကျန်ဒေါင်းဆိပ်ကမ်းအနီး ပင်လယ်ဝါအတွင်း သင်္ဘော ၂ စင်း တိုက်မိပြီး ရေနံများ ယိုဖိတ်

တရုတ်နိုင်ငံ၊ ကျန်ဒေါင်းဆိပ်ကမ်းမြို့အနီး ပင်လယ်ဝါတွင် လစ်ဗျားအလံတင် ရေနံတင်သင်္ဘော A Symphony နှင့် Sea Justice ကုန်တင်သင်္ဘောတို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက နှင်းများထူထပ်စွာ ကျချိန်တွင် တိုက်မိပြီး ရေနံ ကတ္တရာစေးများ ယိုဖိတ်မှု ဖြစ်ပွားခဲ့သည်။

ကနဦး လေ့လာချက်များအရ ရေနံ တန်ချိန် ၅၀၀ (စည်ပေါင်း၃၄၂၀) ခန့် ယိုဖိတ်နိုင်သည်ဟု ခန့်မှန်းထားပြီး ယင်းပမာဏထက်လည်း ပိုမိုများပြားနိုင်ကြောင်း ရှန်ဒေါင်းပင်လယ်ပြင် ဘေးကင်းလုံခြုံရေးအုပ်ချုပ်မှုအဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။

ရေနံကတ္တရာစေး စည်ပေါင်း သန်းနှင့်ချီ၍ တင်ဆောင်ထားသည့် A Symphony သင်္ဘောသည် ကျင်ဒေါင်းဆိပ်ကမ်းမှ ရေမိုင် ၁၁ မိုင်အကွာ၌ ကျောက်ချရပ်နားထားစဉ် Sea Justice က ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။

A Symphony သင်္ဘောမှ ရေမိုင် ၁၀ မိုင်အကွာခန့်အထိ သင်္ဘောများ မကပ်ကြရန်လည်း ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

ယင်းသင်္ဘောပေါ်မှ ရေနံကတ္တရာစေး တန်ချိန် ၁ သိန်းခွဲသည် ဟောင်ကောင်အခြေစိုက် Run Cheng International Resource (HK) Co ၏ ပစ္စည်းများ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရေနံစိမ်းထက် သွင်းကုန်ခွန်ပေးသွင်းရသည့် ပမာဏ ပိုမိုသက်သာသောကြောင့် ရေနံစိမ်းနှင့် ရေနံချက်လုပ်ရာတွင် ထွက်ရှိသည့် အကြွင်းအကျန်များ ရောနှောနေသည့် ရေနံကတ္တရာစေးကို တရုတ် ပုဂ္ဂလိက ရေနံစက်ရုံများက ဝယ်ယူကြပြီး ၎င်းတို့ကို လမ်းများအပေါ်ယံ အုပ်ခြင်းနှင့် အမိုးများကို သုတ်လိမ်းရာတွင် အသုံးပြုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly