ကိုလံဘီယာမှာ လူသေဆုံးမှုတွေ ရှိတဲ့ကြား အခွန်ပြုပြင်ပြောင်းလဲရေး နောက်ထပ်ဆန္ဒပြရန် ဆော်ဩ 

ကိုလံဘီယာမှာ လူသေဆုံးမှုတွေ ရှိတဲ့ကြား အခွန်ပြုပြင်ပြောင်းလဲရေး နောက်ထပ်ဆန္ဒပြရန် ဆော်ဩ 
Photo - AFP

မေ ၄

ကိုလံဘီယာနိုင်ငံမှာ အဆိုပြုထားတဲ့ အစိုးရရဲ့ အခွန်ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ပြီး ငါးရက်တာ ဆန္ဒပြမှုတွေအတွင်း ထိပ်တိုက်တွေ့မှုတွေဖြစ်ရာမှာ လူ ၁၉ ဦး သေဆုံးပြီး ၈၀၀ ကျော်ထက်မနည်း ထိခိုက်ဒဏ်ရာရပြီးတဲ့နောက်မှာ လူထုစုရုံးမှုသစ်ကြီး ဆင်နွှဲကြဖို့ ဆန္ဒပြသူတွေဟာ တနင်္လာနေ့မှာ တိုက်တွန်းဆော်ဩပါတယ်။ 

ဧပြီ ၂၈ ရက်က စတင်ဖြစ်ပွားပေါ်ပေါက်တဲ့ ဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်မှုတွေမှာ အရပ်သား ၁၈ ဦးနဲ့ ရဲတာဝန်ရှိသူတစ်ဦး သေဆုံးပြီး အရပ်သား ၃၀၆ ဦး အပါအဝင် လူပေါင်း ၈၄၆ ဦး ထိခိုက်ဒဏ်ရာ ရကြတယ်လို့ ကိုလံဘီဘာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အစိုးရဌာနများကို တိုင်ကြားနိုင်သော ရုံးက ထုတ်ပြန်ပါတယ်။ 

အာဏာပိုင်တွေက လူ ၄၃၁ ဦးကို ဖမ်းဆီးထားပြီး အစိုးရက အဆိုးဆုံး ဖြစ်ပွားတဲ့ မြို့တွေမှာ စစ်တပ်ကို တပ်ဖြန့်ချထားပါတယ်။ 

အရပ်သားတွေကို ရဲက ပစ်ခတ်နေတယ်လို့လည်း အင်န်ဂျီအိုတွေက စွပ်စွဲပြောဆိုပါတယ်။ 

မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သမ္မတ အီဗန်ဒူကွေး အစိုးရဟာ ကွန်ဂရက်မှာ ဆွေးနွေးနေတဲ့ အခွန်ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ကို ရုပ်သိမ်းဖို့ တနင်္ဂနွေနေ့မှာ အမိန့်ထုတ်ခဲ့ပါတယ်။ 

တနင်္လာနေ့မှာ နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီး အယ်ဘတ်တိုကာရာကွဲလားက ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်သစ်အတွက် လိုအပ်တဲ့ ဘုံသဘောတူညီမှု မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် တည်ဆောက်နိုင်ရေးမှာ သူ ရာထူးမှာ ဆက်ရှိနေတာက အခက်အခဲ ဖြစ်စေလိမ့်မယ်ဆိုပြီး နုတ်ထွက်ကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြားမှာ နိုင်ငံကို ပိုပြီး ဆင်းရဲစေမယ်လို့ ဆန္ဒပြသူတွေက ပြောကြတဲ့ အခွန်ပြုပြင်ပြောင်းလဲရေး အဆိုပြု ဥပဒေကြမ်းကို ရုပ်သိမ်းလိုက်ပေမယ့်လည်း နိုင်ငံလုံးဆိုင်ရာ သပိတ်ကော်မတီအဖြစ် သိထားကြတဲ့ အုပ်စုက ဗုဒ္ဓဟူးနေ့မှာ ဆန္ဒပြပွဲတွေ ထပ်မံဆင်နွှဲကြဖို့ တိုက်တွန်းလာတာပဲ ဖြစ်ပါတယ်။ 

“လမ်းတွေပေါ်က ပြည်သူတွေဟာ အခွန်ပြုပြင်ပြောင်းလဲရေး ရုပ်သိမ်းပေးတာထက် ပို လိုအပ်ချက်တွေကို တောင်းဆိုနေကြတာ ဖြစ်တယ်”လို့ အဲဒီ အုပ်စုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ထောက်ခံနှုန်းထား ၃၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားတဲ့ သမ္မတ ဒူကွေးက နိုင်ငံမှာ သေစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို တိုက်ထုတ်နေရချိန်မှာ ဆန္ဒပြသူတွေဟာ အဖျက်အမှောင့်သမားတွေဟာ ဖြစ်တယ်လို့ ပြစ်တင်ပြောဆိုခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly