မက္ကဆီကိုမှာ မိုးပျံရထား မတော်တဆမှုကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံး

မက္ကဆီကိုမှာ မိုးပျံရထား မတော်တဆမှုကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံး
Photo - AFP

မေ ၄

မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကိုစီးတီးမှာ မေလ ၃ ရက်က မိုးပျံရထား မတော်တဆမှုတစ်ခု ဖြစ်ခဲ့တာကြောင့် လူ ၂၃ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်များစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ယင်းဖြစ်စဥ်မှာ ရထား ဖြတ်သန်းမောင်းနှင်နေခဲ့စဥ် မိုးပျံရထားလိုင်း ပြိုကျမှု ဖြစ်ခဲ့တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြည်တွင်းမီဒီယာတွေက ထုတ်လွှင့်ပြသခဲ့တဲ့ လုံခြုံရေး ကင်မရာမှာ ရိုက်ကူးမိထားတဲ့ ပုံရိပ်တွေအရ မြို့တောင်ပိုင်းမှာ ရထားတွဲတွေဟာ မြေပြင်ပေါ် ထိုးကျနေတာကို ပြသနေခဲ့ပါတယ်။

ဒီ မိုးပျံရထားမတော်တဆမှုဖြစ်စဥ်ကြောင့် လူအသက်ပေါင်း ၂၃ ဦးခန့် ဆုံးရှုံးခဲ့ရသလို ဒဏ်ရာရသူ ၇၀ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။

အိုလီဗိုစ် ဘူတာရုံမှာ ရထားတွဲတွေကနေ ထိခိုက်ဒဏ်ရာရသူတွေကို ကယ်တင်နိုင်ဖို့ အရေးပေါ် ကယ်ဆယ်ရေးအမှုထမ်းတွေ သွားရောက်ကူညီလုပ်ဆောင်ခဲ့ကြပါတယ်။

မက္ကဆီကိုစီးတီးမှာတော့ မြေအောက်ရထားလိုင်း ၁၂ လိုင်း ရှိပြီး နေ့စဥ် ခရီးသည် သန်းနှင့်ချီကို သယ်ဆောင်ပို့ဆောင်ပေးလျက် ရှိပါတယ်။

ယခု မေလ ၃ ရက် မတော်တဆမှုဖြစ်စဥ်မတိုင်မီ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကလည်း ယင်းမြို့မှာပဲ မြေအောက်ရထားနှစ်စင်း တိုက်မိမှုကြောင့် လူတစ်ဦး သေဆုံးပြီး လူ ၄၀ ခန့် ဒဏ်ရာရတဲ့ဖြစ်စဥ်လည်း ဖြစ်ပွားထားခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly