ကုန်ပစ္စည်းရရှိရန် အခက်အခဲနှင့် ဝယ်လိုအားကျဆင်းခြင်းကြောင့် တရုတ် စက်ရုံများ လုပ်ငန်းတိုးတက်မှုနှေးကွေး

ကုန်ပစ္စည်းရရှိရန် အခက်အခဲနှင့် ဝယ်လိုအားကျဆင်းခြင်းကြောင့် တရုတ် စက်ရုံများ လုပ်ငန်းတိုးတက်မှုနှေးကွေး
Photo: AFP

ထုတ်လုပ်ရေးတွင် ကုန်ပစ္စည်း ရရှိရန်နှင့် သယ်ယူပို့ဆောင်ရေး အခက်အခဲများရှိနေခြင်း၊ ပြည်ပမှ ဝယ်ယူမှု ကျဆင်းသွားခြင်းတို့ကြောင့် တရုတ်စက်ရုံများ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဧပြီလတွင် မျှော်မှန်းထားသည်ထက် နှေးကွေးသွားခဲ့သည်။

ကုန်ပစ္စည်းဝယ်ယူရေးမန်နေဂျာ၏အညွှန်းကိန်း (PMI) သည် မတ်လတွင် ၅၁ ဒသမ ၉ မှ ဧပြီလတွင် ၅၁ ဒသမ ၁ သို့ ကျဆင်းသွားကြောင်း ဧပြီလ ၃၀ရက်က အမျိုးသားစာရင်းအင်းဗျူရို (NBS) မှ အချက်အလက်များတွင် ဖော်ပြခဲ့သည်။

လအလိုက်အနေဖြင့် တွက်ချက်ပါက တိုးတက်မှုနှုန်းမှာ ကျုံ့သွားပြီး အမှတ် ၅၀ အထက်တွင် ကျန်ရှိနေသော်လည်း ၅၁ ဒသမ ၇ မှတ်အောက်တွင် ရှိနေကြောင်း ရိုက်တာ၏ လေ့လာဆန်းစစ်သူများ စစ်တမ်းတွင် ဖော်ပြထားသည်။

“အချို့စစ်တမ်းကောက်ယူတဲ့ ကုမ္ပဏီတွေက သတင်းထုတ်ပြန်တာကတော့ ချစ်ပ်ရှားပါးမှု၊ နိုင်ငံတကာ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာပြဿနာတွေ၊ ကွန်တိန်နာရှားပါးမှုနဲ့ သင်္ဘောတင်စရိတ်မြင့်တက်မှု စတဲ့ ပြဿနာတွေက ဆိုးရွားပြင်းထန်နေဆဲပါပဲ” ဟု NBS မှ စာရင်းအင်းပညာရှင် ကျောင်ချင်းဟဲ က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ကျဆင်းခဲ့ရသည့် တရုတ်၏ စီးပွားရေးပြန်လည်နလံထမှုသည် ပထမသုံးလပတ်တွင် ၁၈ ဒသမ ၃ ရာခိုင်နှုန်းထိ သိသိသာသာတိုးတက်ခဲ့သည်။ လေ့လာသုံးသပ်သူများက ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်သော တရုတ်သည် ၂၀၂၁ ခုနှစ်တွင် ၈ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်မည်ဟု မျှော်မှန်းထားသည်။

ကိုရိုနာဗိုင်းရပ်စ်အသစ် ဖြစ်ပွားမှုများကို ထိန်းချုပ်ရန်ရုန်းကန်နေရဆဲဖြစ်သည့် ထုတ်လုပ်မှုပြိုင်ဘက်ဖြစ်သည့် အိန္ဒိယကဲ့သို့သော နိုင်ငံများထက် တရုတ်၏ စီးပွားရေးပြန်လည်နလံထမှုသည် ပိုမိုမြန်ဆန်ခဲ့သည်။

တရားဝင် PMI သည် အကြီးစားနှင့် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို အဓိကအာရုံစိုက်ထားပြီး တစ်နှစ်အတွင်းတွင် ပထမဆုံးအကြိမ် မတ်လအတွင်းက အလုပ်သမားငှားရမ်းမှုမြင့်တက်လာသော်လည်း ဧပြီလတွင် အလုပ်မှ ထုတ်ပယ်မှုများလည်း ရှိခဲ့သည်။ အလုပ်အကိုင်အခွင့်အလမ်းအညွှန်းကိန်းသည် မတ်လတွင် ၅၀ ဒသမ ၁ ရှိခဲ့ရာမှ ဧပြီလတွင် ၄၉ ဒသမ ၆ သို့ ကျဆင်းသွားခဲ့သည်။

ပို့ကုန်အမှာစာအသစ်များသည် မတ်လတွင် ၅၁ ဒသမ ၂ ရှိခဲ့ရာမှ ဧပြီလတွင် ၅၀ ဒသမ ၄ တွင် ကျဆင်းခဲ့သော်လည်း ကုန်အမှာစာများ များပြားလာနေဆဲဖြစ်သည်။ အသေးစားကုမ္ပဏီများ၏လုပ်ငန်းများအတွက်အညွှန်းကိန်းသည် မတ်လ ၅၀.၄ ရှိခဲ့ရာမှ ဧပြီလတွင် ၅၀.၈ ရှိလာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly