အမေရိကန်နဲ့ အိန္ဒိယကြား ခရီးသွားလာမှု ကန့်သတ် 

အမေရိကန်နဲ့ အိန္ဒိယကြား ခရီးသွားလာမှု ကန့်သတ် 
Photo - AFP

မေ ၁

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အလွန်ဆိုးဝါးနေတာကြောင့် လာမယ့် သီတင်းပတ်မှစပြီး အမေရိကန်နဲ့ အိန္ဒိယကြား ခရီးသွားလာခွင့် ကန့်သတ်မှာ ဖြစ်တယ်လို့ အမေရိကန်ဒုတိယသမ္မတ ကမ်မာလာဟာရစ်က အတည်ပြုပြောပါတယ်။ 

“အမေရိကန်အနေနဲ့ ကျွန်မတို့ဟာ တာဝန်ယူထားရတာ ဖြစ်ပါတယ်၊ ပြည်သူတွေ လိုအပ်နေချိန်မှာ ဖော်ဆောင်ပေးရမှာပါ”လို့ ဝါရှင်တန်ဆီ မပြန်ခင် အိုဟိုင်းယိုမှာ သတင်းထောက်တွေကို သူက ပြောခဲ့တာ ဖြစ်ပါတယ်။ 

အိန္ဒိယအတွက် ဆေးဝါးအထောက်အပံ့တွေ တင်ဆောင်ထားတဲ့ လေယာဉ်တစ်စင်း အခုညမှာ ထွက်ခွာပြီး အကူအညီ ပေးပို့မှာဖြစ်တယ်လို့လည်း ဟာရစ်က ထပ်လောင်းပြောပါတယ်။ 

ခုလို နှစ်နိုင်ငံကြား ခရီးသွားလာခွင့် ကန့်သတ်မှာ ဖြစ်ကြောင်းကို အိမ်ဖြူတော်ကလည်း သောကြာနေ့က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ 

“ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာရဲ့ အကြံပြုချက်အရ အစိုးရအနေနဲ့ အိန္ဒိယကနေ လာရောက်တာတွေကို ကန့်သတ်သွားမှာ ဖြစ်ပါတယ်”လို့ ထုတ်ပြန်ချက်တစ်ရပ်မှာ သတင်းပြန်ကြားရေးအတွင်းဝန် ဂျင်ဆာကီက ဆိုပါတယ်။ 

အိန္ဒိယမှာ ကိုဗစ်-၁၉ ကူးစက်မှု အလွန်တရာ မြင့်မားနေပြီး ဗိုင်းရပ်စ် မျိုးကွဲမျိုးစုံလည်းကူးစက်ပြန့်နှံ့နေတာကို ကိုးကားပြီး သူက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required