ဇွန် ၄ ရက်က တရားမဝင်စုဝေးမှုအတွက် အပြစ်ရှိကြောင်း ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ဂျိုရှုဝန်း ပြောကြား

ဇွန် ၄ ရက်က တရားမဝင်စုဝေးမှုအတွက် အပြစ်ရှိကြောင်း ဟောင်ကောင် တက်ကြွလှုပ်ရှားသူ ဂျိုရှုဝန်း ပြောကြား
Photo: EPA

ဟောင်ကောင်

ပေကျင်းမြို့ရှိ တီယန်မင်ရင်ပြင်၌ ၁၉၈၉ ခုနှစ်က ဆန္ဒပြသူများကို ဖြိုခွဲခဲ့သည့် အထိမ်းအမှတ်အဖြစ် ယမန်နှစ် ဇွန် ၄ ရက်က တရားမဝင် စုဝေးဆန္ဒပြမှုတွင် အပြစ်ရှိကြောင်း ဟောင်ကောင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ဂျိုရှုဝန်းအပါအဝင် ၄ ဦးက ဧပြီ ၃၀ ရက်တွင် ဝန်ခံလိုက်ကြသည်။ဟောင်ကောင်တွင် ဆန္ဒပြခြင်းအား တားမြစ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်ရောဂါ ထိန်းချုပ်ရေးအတွက် စုဝေးမှုများကို တားမြစ်ခြင်းဖြစ်သည်ဟု ရဲများက ပြောကြားသည်။ ယခုနှစ်တွင်လည်း အလားတူ တားမြစ်မှုများ ဖြစ်ပေါ်နိုင်သေးသည်။

သောင်းနှင့်ချီသော ပြည်သူများက ဖယောင်းတိုင်မီးများ ထွန်းညှိကိုင်ဆောင်ကာ ဟောင်ကောင်မြို့တော်တွင် ယမန်နှစ်ဇွန်လက ဆန္ဒပြခဲ့ရာတွင် ရဲများနှင့် အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။

၂၀၁၉ ခုနှစ် ၊ ဒီမိုကရေစီတောင်းဆိုသော ဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ စည်းရုံးခြင်းနှင့် တရားမဝင် စုဝေးမှုတို့ကြောင့် အကျဉ်းကျခံနေရသည့် ဝန်းသည် ခရိုင်တရားရုံးတွင် အပြစ်ရှိကြောင်း ဝန်ခံလိုက်ခြင်း ဖြစ်သည်။

ပုန်ကန်ခြင်း၊ခွဲထွက်ခြင်း၊ အကြမ်းဖက်ခြင်း သို့မဟုတ် ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်းတို့အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်သော လုံခြုံရေး ဥပဒေသစ်ကို ပြဌာန်းနိုင်ရန် ပြင်ဆင်နေချိန်တွင် ယမန်နှစ် ဇွန်၄ ရက် နှစ်ပတ်လည်အထိမ်းအမှတ် ဆန္ဒပြပွဲကို လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

အစိုးရကို ဖြုတ်ချရန် အကြမ်းဖက် မတရားလုပ်ရပ်ဟု သတ်မှတ်ကာ တရုတ်အာဏာပိုင်များက ရွှေ့ဆိုင်းထားသော ရွေးကေက်ပွဲအတွက် အတိုက်အခံကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်ရန် တရားမဝင်မဲပေးရာ၌ ပါဝင်ခဲ့ခြင်းဖြင့် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်းက ပြဌာန်းခဲ့သည့် ဥပဒေသစ်ကို ချိုးဖောက်မှုဖြင့် ဇန်နဝါရီလအတွင်းက ဝန်းကို အကျဉ်းထောင်တွင်း ရှိနေစဉ် ဖမ်းဆီးခဲ့သည်။

ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ကျင်းပခဲ့သည့် တရုတ်အစိုးရအတွက် ယခုနှစ်တွင် ဇွန် ၄ ရက် အထိမ်းအမှတ်အခမ်းအနားကို ကျင်းပရန် ခွင့်ပြု၊ မပြု မသိရသေးပေ။ တီယန်မင်ရင်ပြင်တွင် သေဆုံးခဲ့ရသူများအား အမှတ်တရကျင်းပခြင်းသည် လုံခြုံရေး ဥပဒေသစ်အား ချိုးဖောက်ခြင်း ဟုတ်၊မဟုတ် မေးမြန်းခံထားရသည့် ဟောင်ကောင်ခေါင်းဆောင် ကာရီလန်းက ပါတီအား လေးစားမှု ပြသရန် အရေးကြီးကြောင်း ယခုသီတင်းပတ်အတွင်း ပြောကြားသည်။

တီယန်မင် အထိမ်းအမှတ်ပွဲများကို တရုတ်ပြည်မကြီးတွင် တားမြစ်ထားသော်လည်း ဟောင်ကောင်တွင် ကြီးကျယ်ခမ်းနားစွာ နှစ်စဉ် ကျင်းပသည်။

တီယန်မင် ရင်ပြင် အကြမ်းဖက်တိုက်ခံရမှု၌သေဆုံးခဲ့သူအရေအတွက်အားလုံးကို တရုတ်အစိုးရက ထုတ်ပြန်ခြင်း မရှိခဲ့ပေ။ ၎င်းတို့ထုတ်ပြန်သည့် သေဆုံးသူ ၃၀၀ ခန့်အနက် အများစုသည် စစ်သားများ ဖြစ်ပြီး လူ့အခွင့်အရးအုပ်စုများနှင့် မျက်မြင်သက်သေများက ထောင်နှင့်ချီ၍ သေဆုံးကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required