ဘရာဇီးမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၀၀၀၀၀ ကျော်လာ 

ဘရာဇီးမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄၀၀၀၀၀ ကျော်လာ 
Photo - AFP

ဧပြီ ၃၀

ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်း သေဆုံးသူဦးရေဟာ ကြာသပတေးနေ့မှာဆိုရင် ၄၀၀၀၀၀ ကျော်အထိ ရှိသွားပြီဖြစ်ပါတယ်။ 

နိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး လုံလုံလောက်လောက် ရရှိအောင် ရုန်းကန်နေရပြီး သမ္မတ‌ ဘော်ဆိုနာရို အစိုးရကြောင့် ကပ်ဘေးကို ပိုပြီးဆိုးဝါးစေခဲ့ရသလားဆိုတာ ဆီးနိတ်လွှတ်တော်မှာ ကြားနာစစ်ဆေးနေချိန်လည်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ကိုဗစ်-၁၉ ကြောင့် လူပေါင်း ၃၀၀၁ ဦး သေဆုံးပြီး ဘရာဇီးနိုင်ငံရဲ့ စုစုပေါင်း သေဆုံးနှုန်းဟာ အမေရိကန်ပြီးရင် ဒုတိယအများဆုံးအဖြစ် ၄၀၁၁၈၆ ဦး ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

လူဦးရေ ၂၁၂ သန်းနဲ့ တောင်အမေရိက ဘရာဇီးနိုင်ငံဟာ ကပ်ဘေးအတွင်း သေဆုံးနှုန်းအမြင့်ဆုံးနိုင်ငံတွေမှာ တစ်နိုင်ငံဖြစ်ပြီး လူတစ်သိန်းမှာ ၁၈၉ ဦးနှုန်း သေဆုံးတာ ဖြစ်ပါတယ်။ 

အခုနှစ်စကတည်းက ကူးစက်ဖြစ်ပွားနှုန်း ထိုးတက်ခြင်းက ဘရာဇီးနိုင်ငံကို ဆိုးဝါးစေပြီး ဆေးရုံတွေဟာ ဝန်နဲ့အား မမျှဘဲ ပြိုလဲလုအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းသစ်ရဲ့ အထွဋ်အထိပ်ကို ဖြတ်ကျော်ခဲ့ပေမယ့် နေစဉ် သေဆုံးနှုန်းဟာ မြင့်မားနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပျမ်းမျှ ၂၅၂၆ ဦး သေဆုံးခဲ့ပါတယ်။ 

ဒီဇင်ဘာလအတွင်းက အမေဇုံမိုးသစ်တောရဲ့ မာနော့စ်မြို့မှ စတင်ဖြစ်ပွားပေါ်ပေါက်တဲ့ ဗိုင်းရပ်စ်ရဲ့ ‘ဘရာဇီးမျိုးစိတ်ကွဲ’ ကြောင့် ကူးစက်သေဆုံးနှုန်း မြင့်တက်ရခြင်းဖြစ်တယ်လို့ ပညာရှင်တွေက အပြစ်ဆိုကြပါတယ်။ 

P1 လို့ဆိုတဲ့ အဆိုပါ ဗိုင်းရပ်စ်မျိုးစိတ်ကွဲဟာ ဗိုင်းရပ်စ်မူလမျိုးစိတ် ကူးစက်ခံပြီးသူတွေကိုလည်း ပြန်လည်ကူးစက်နိုင်ပြီး ပိုပြီးလည်း တစ်ဦးကနေ တစ်ဦး အလွယ်တကူ ကူးစက်နိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။ 

ဘရာဇီးက လူဦးရေ ၂၈ သန်းဟာ ကိုဗစ်-၁၉ ပထမ ကာကွယ်ဆေး ထိုးနှံခံပြီးဖြစ်ပြီး လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းသာ ရှိနေတာ ဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ ဒုတိယကာကွယ်ဆေး ထိုးနှံခံပြီးသူဦးရေက ၁၂ ဒသမ ၇ သန်းလောက်ပဲ ရှိထားတာပါ။ 

ဒီကြားထဲကနေ ပြည်နယ် ၂၇ ပြည်နယ်မှ ၁၄ ပြည်နယ်က မြို့တွေမှာ ကာကွယ်ဆေး ပြတ်လပ်တာကြောင့် ထိုးနှံပေးမှုတွေကို ရပ်ဆိုင်းထားရတာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly