အိန္ဒိယက ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ် ဂျာမနီမှာလည်း တွေ့ရှိ 

အိန္ဒိယက ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ် ဂျာမနီမှာလည်း တွေ့ရှိ 
Photo - AFP

ဧပြီ ၃၀

အိန္ဒိယမှာ ဆိုးဆိုးဝါးဝါး ကူးစက်နှုန်း မြင့်တက်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်သစ်ဖြစ်နိုင်တဲ့ ကူးစက်မှုကို တွေ့ရှိကြောင်း ဂျာမနီနိုင်ငံက ကြာသပတေးနေ့မှာ ပြောပြီး အိန္ဒိယ ဗိုင်းရပ်စ်မျိုးစိတ်သစ် ကူးစက်မှု တွေ့ရှိရာ နောက်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။ 

အိန္ဒိယမှာ ပထမဆုံး တွေ့ရှိတဲ့ ကိုဗစ်-၁၉ B.1.617 မျိုးစိတ်သစ်အကြောင်း သတင်းထောက်တွေက မေးမြန်းရာမှာ “ဂျာမနီနိုင်ငံမှာလည်း သီးခြားကူးစက်မှုတွေ ရှိနေပါတယ်၊ ကျွန်တော်တို့အနေနဲ့ အစီရင်ခံစာသစ်ကို မနက်ဖြန် ထုတ်ပြန်ပေးပါမယ်”လို့ ရောဘတ်ကို့ရှ် ကူးစက်ရောဂါအေဂျင်စီ အကြီးအကဲ လော့သာဝိုင်လားက ဖြေကြားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီ ဗိုင်းရပ်စ်မျိုးစိတ်သစ်ကို အနည်းဆုံးနိုင်ငံ ၁၇ နိုင်ငံမှာ တွေ့ရှိထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အင်္ဂါနေ့မှာ ပြောဆိုထားပါတယ်။ 

“အိန္ဒိယ၊ ဗြိတိန်၊ အမေရိကန်နဲ့ စင်ကာပူတွေမှာ ဒီဗိုင်းရပ်စ်မျိုးစိတ်သစ်ကို ပိုပြီး တွေ့ရှိရတယ်”ဆိုပြီး ကပ်ဘေးအရေး ရောဂါပိုးမွှားဆိုင်ရာ သီတင်းပတ်စာ ထုတ်ပြန်ရာမှာ WHO က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံမှာ ကူးစက်မှုသစ်နဲ့ သေဆုံးနှုန်းတွေ မြင့်မားထိုးတက်နေပြီး ဗိုင်းရပ်စ်မျိုးစိတ်သစ်ဟာ ကပ်ဘေးကို ပိုလို့ ဆိုးဝါးစေနိုင်လိမ့်မယ်လို့ စိုးရိမ်ပူပန်မှုတွေလည်း မြင့်တက်နေပါတယ်။ 

အိန္ဒိယရဲ့ ကူးစက်နှုန်း ပေါက်ကွဲမှုဟာ ကမ္ဘာ့ကူးစက်မှုနှုန်း ထိုးတက်ခြင်းကို ဖန်တီးနေပါတယ်။ လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၃ ဒသမ ၁ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ 

ဂျာမနီနိုင်ငံဟာလည်း လက်ရှိမှာ ကပ်ဘေး တတိယလှိုင်းမှာ ရုန်းကန်နေရပြီး ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် တစ်နိုင်ငံလုံး ကန့်သတ်ပိတ်ဆို့တဲ့ လုပ်ငန်းစဉ်တွေကို တင်းကြပ်ထားပြီ ဖြစ်ပါတယ်။ 

ဥရောပရဲ့ စီးပွားရေးထိပ်သီး ဂျာမနီမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အသစ်ကူးစက်သူ ၂၅၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၂၆၄ ဦးရှိသွားပြီဖြစ်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်တာကြောင့် စုစုပေါင်း သေဆုံးသူဦးရေ ၈၂၅၄၄ ဦး ရှိထားပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly